အကြမ်းဖက်စစ်ကောင်စီရန်ကိုကြောက်၍ နေရပ်စွန့်ခွာထွက်ပြေးနေကြသော ပခုက္ကူမြို့ အရှေ့ဘုန်းကံရွာ ဒေသခံများ ငါးရက်အတွင်း ပြန်လာရန်နှင့် ပြန်မလာပါက အခြေအနေပိုးဆိုး သွားမည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်နေသည်ကြောင်း သတင်းရရှိသည်။
“ရွာပြန်ရင် ဘယ်လိုအကြမ်းဖက်မလဲ မသိနိုင်ဘူး။ ဒါကြောင့် မပြန်ရဲကြဘူး။ အခုကျ ပြန်လာရမယ်တဲ့ မလာရင် ဒီထက်ဆိုးမယ်လို့ ပြောတယ်”ဟု မြို့ပေါ်တွင် လာရောက်တိမ်းရှောင် နေသော အရှေ့ဘုန်းကံရွာဒေသခံတစ်ဦးက ပြောသည်။
အရှေ့ဘုန်းကံရွာတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များရှိသည်ဟုဆိုကာ စစ်ကောင်စီက လွန်ခဲ့သည့်လအနည်းငယ်မှစ၍ တပ်စွဲထားခဲ့ခြင်း ဖြစ်သည်။ ဒေသခံအချို့မှာ ယင်းအချိန်ကတည်း က နေရပ်စွန့်ခွာခဲ့ကြသည်။ အရှေ့ဘုန်းကံရွာမှ စစ်ကြောင်းကို ပခုက္ကူအခြေစိုက်ပြည်သူ့ကာကွယ် ရေး မဟာမိတ်များက ဇူလိုင် ၂၈ရက်တွင် တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီးနောက် စစ်ကောင်စီက နည်းမျိုးစုံခြိမ်းခြောက်နေသောကြောင့် ဒေသခံများအားလုံး နေရပ်စွန့်ခွာခဲ့ ကြခြင်းဟု အရှေ့ဘုန်းကံရွာသားတစ်ဦးက ပြောသည်။
နေရပ်စွန့်ခွာသွားသည့် ဒေသခံများ ငါးရက်အတွင်းပြန်လာရန် စစ်ကောင်စီက ယမန်နေ့(သြဂုတ် ၂ရက်)မှစတင်ကာသတိပေးခြင်းဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။
