မန္တလေးတိုင်း၊ တံတားဦး-မြို့သာ-မြင်းခြံလမ်းပေါ်တွင်စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်၏ အရာရှိများအပါအဝင် အများအပြားသေဆုံးနိုင်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်သည်။
ယမန်နေ့(ဇူလိုင်လ၃၀ရက်) နံနက် ၉နာရီခန့်က မြို့သာမှထွက်ခွာလာသည့် အကြမ်းဖက်စစ်တပ်၏ ကားကြီးလေးစီးပါယာဥ်တန်းအား မြို့သာစက်မှုဇုန်အနီးတွင် ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက အသိပေးသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် ကားကြီးလေးစီးအနက်၂ စီးမိုင်းမိပြီး ၃ပွင့်တစ်ဦး၊ တစ်ပွင့်နှစ်ဦး အပါဝင်အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသူအများပြားရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ၏ တာဝန်ရှိသူက “သေတာ၁၀ယောက်ကအတိကျပါဗျ။ ဒဏ်ရာရထားတာတွေလည်းအများအပြားပဲ။”ဟု ပြောသည်။
အကြမ်းဖက်စစ်တပ်သည် သေဆုံးထိခိုက်သူများအား ကားပေါ်တင်ဆောင်ကာ မြင်းခြံဘက်သို့ မောင်းနှင်သွားခဲ့သည်။
မြင်းခြံ-မြို့သာလမ်းပေါ်ရှိနဘူးအိုင်ကျေးရွာ၌ ဆေးကုသမှုခံယူရန်စီစဥ်ခဲ့သော်လည်း မနိုင်နင်း၍ မြို့သာဘက်သို့ ပြန်ထွက်သွားခဲ့ကြောင်း၊ သေဆုံးရုပ်အလောင်း ၇ လောင်းအား စာသင်ကျောင်းတွင် ထားခဲ့ကြောင်းဒေသခံများကပြောသည်။
