စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ပစ်ခတ်ခဲ့ သည့် မပေါက်ကွဲ သေးသော (၆၀)မမ လက်နက်ကြီးကျည်များကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) ဖောက်ခွဲရှင်းလင်း ပေးခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၅ရက်နှင့် ၂၇ ရက်များက ချောင်းဦးမြို့နယ်ရှိကျေးရွာတွင် မပေါက်ကွဲသေးဘဲ လယ်ယာမြေကွက်များ၌စိုက်ဝင်နေသော (၆၀)မမ ဗုံးသီးသုံးလုံးကို ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရသွားရောက် ဖောက်ခွဲရှင်းလင်းပေးခဲ့ကြောင်း CHUPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသော ဗုံးသီးများ၊ ကျည်များနှင့် လက်ပစ်ဗုံးအစရှိသည့် စစ်လက်နက်ပစ္စည်းများတွေ့ရှိပါက ကိုင်တွယ်ကြည့်ရှုခြင်း၊ ထုရိုက်ခြင်း၊ ပြောင်းရွှေ့ သယ်ဆောင်ခြင်းလုံးဝ (လုံးဝ) မပြုလုပ်ကြဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ အကြောင်းကြား ပေးရန် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။
ချောင်းဦးမြို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် ကျေးရွာများ ဘက်သို့ (၆၀)မမ လက်နက်ကြီးများဖြင့် မကြာခဏရမ်းသမ်းပစ်ခတ်လေ့ရှိသည်။
