အမေရိကန်ရောက် မြန်မာ ၃၀၀ ကျော် တက်ရောက်ဆုတောင်း
အမေရိကန်နိုင်ငံ နယူးယောက်မြို့ Queens မြို့နယ်တွင် ဇူလိုင် ၂၆ ညပိုင်း၌ NYCBC အဖွဲ့နှင့်အတူမြန်မာနိုင်ငံသားများပူးပေါင်း၍ “ရဲရင့်သော ကြယ်တာရာတို့တွက် သန္နိဌာန်ပြု ဆုတောင်းပွဲ” နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲကို အမေရိကန်နိုင်ငံရောက် မြန်မာပြည်ဖွား ၃၀၀ကျော် တက်ရောက်ခဲ့ပြီး ဇူလိုင် ၂၆ ည ၇ နာရီမှ ၈ နာရီအခွဲအထိ စုရုံးကျင်းပခဲ့သည်။



ဆန္ဒပြပြည်သူများက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့လေးဦးနှင့်တကွ အာဇာနည် အားလုံးတို့ကို ဦးညွတ်အလေးပြုခဲ့ကြပြီး သေဒဏ်စီရင်ခံခဲ့ရသူ ၄ ဦးနှင့်အတူ ဖမ်းဆီးအကျဉ်းချခံထားရသည့် တော်လှန်ရေးရဲဘော်များ၊ အသက်ဆုံးရှုံးခဲ့ရသည့် တော်လှန်ရေးရဲဘော်များ အားလုံးအတွက် ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
ထို့အပြင် “မိမိကိုယ်ကို မျိုးစေ့အဖြစ် ကြဲပက်ခဲ့သူအာဇာနည်အပေါင်း၏ ကျေးဇူးဂုဏ်ကို ရည်မှန်း” ရင်းအရေးတော်ပုံအောင်သည်အထိ ကြိုးစားတွန်းလှန်သွားမည် ဟု သံန္နိဌာန်ပြုခဲ့ကြကြောင်း သိရသည်။
