မြို့လယ်ကောင်လမ်းမကိုပိတ်ဆို့ထားပြီး လုံခြုံရေးအထပ်ထပ်ချထားသည့် ဟင်္သာတမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်း အပါအဝင် စစ်ကောင်စီ၏ ရုံးသုံးခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ည၌ တပြိုင်နက် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
ဟင်္သာတမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲစခန်းနှင့် ပြန်ဆက်ရုံကို ယနေ့(ဇူလိုင် ၂၅ရက်) ည ၇နာရီ ၃၀မိနစ်နှင့် ၈နာရီကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ပေါက်ကွဲသံတွေရော သေနတ်သံတွေပါ ဆူညံနေတာပဲ။ ကလေးတွေ ဘေးကင်းပါစေ”ဟု မြို့ခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယနေ့ည တိုက်ခိုက်မှုကို နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အကောင်အထည်ဖော်ခဲ့ခြင်းဟု ကနဦး သတင်းရရှိထားသည်။သို့သော် စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရသေးပေ။
“သုံးနေရာမှာ တိုက်ခိုက်ခဲ့တယ်။ ကလေးတွေ အန္တရာယ်ကင်းတယ်”ဟု တော်လှန်ရေး အင်အားစုအဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး သေနတ်သံ များကြားနေရသည်ဟု ဒေသခံများက ပြောသည်။
ဟင်္သာတမြို့ ရဲစခန်းသည် မြို့လယ်ကောင်တွင်ရှိနေပြီး အများပြည်သူသွား လာနေသည့် လမ်းမကြီးကို စစ်ကောင်စီက ပိတ်ဆို့ထားသည်မှာ (၁)နှစ်ကျော် နေပြီဖြစ်သည်။
