အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစီရင် မပြီးမချင်း လက်ရှိတော်လှန်ရေးပြီးဆုံးမည်မဟုတ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက သေဒဏ်ကွပ်မျက်ပြီးကြောင်း သတင်း ထုတ်ပြန်အပြီးတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက ယင်းသို့ ရေးသား ဖော်ပြလာခြင်းဖြစ်သည်။
“မင်းအောင်လှိုင်ကို တရားစီရင်လို့ မပြီးမချင်းဒီတော်လှန်ရေး မပြီး။ ပြေးစရာမြေ တစ်လက်မမှ မရှိစေရ ကမ္ဘာဆုံးအောင် လိုက်မယ်” ဟု ဝန်ကြီးဦးရည်မွန်က ဆိုသည်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်ကလည်း ကွပ်မျက်သည့် သတင်း မှန်ခဲ့မည်ဆိုပါက ‘သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်’ ဟု ၎င်း၏ လူမှုကွန်ရက်၌ ရေးသားသည်။
ထို့အပြင် “တကယ် မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။
ဦးဖြိုးဇေယျာသော်၏ ဇနီးဖြစ်သူကလည်း “ပြန်ပေးဆပ်ရမယ်” ဟု ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။
