●”ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေ တောင် နောက်ဆုတ်သွားကြတော့မှာပါ”
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ် ကိုဖြိုးဇေယျာသော်အပါအဝင် ၄ဦးအား သေဒဏ်ပြစ်ဒဏ်စီရင်ပြီးဖြစ်အကြမ်းဖက်စစ်ကောင်စီက ကြေညာသည့် သတင်း မှန်ခဲ့မည်ဆိုပါက သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က အသိပေးလိုက်သည်။
“ သတင်းသာမှန်ခဲ့မယ်ဆိုရင်” ဟု ဗိုလ်ချုပ်ဂွန်မော်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားကာ “ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်” ဆိုသည့် နယူတန်၏ တတိယနိယာမ ကို အင်္ဂလိပ်၊ မြန်မာတို့ဖြင့် ရေးသားထားသည့် စာကို ဖော်ပြခဲ့သည်။

ထို့ပြင် “တကယ် မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်း လို့ဘဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေ တောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ၄ဦးကို သေဒဏ်စီရင်ပြီးဟု အာဏာသိမ်းစစ်ကောင်စီ ထုတ်ပြန်သည့် သတင်းနှင့်အတူ ဖော်ပြခဲ့သည်။
သေဒဏ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကလည်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်ဟုစစ်ကောင်စီအလိုကျရေးသားသည့် သတင်းဌာနအချို့ကိုအတည်ပြုထားသည်။
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ အပါအဝင် ၄ဦးကို ကွပ်မျက်ရန် စစ်ကောင်စီ၏ ဆောင်ရွက်မှုကို ပြည်တွင်း ပြည်ပက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ သတိပေးထားသည့် ကြားမှာ အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ပေးခဲ့ခြင်းဖြစ်သည်။
