စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်မိုင်းထိပြီး ၃ ဦးသေဆုံးသွားကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TDPDF)ကသတင်းထုတ်ပြန်သည်။
ယနေ့(ဇွန်လ၃၀ရက်နေ့)တွင် မင်းကင်းမြို့နယ် ကျော်ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါအကြမ်းဖက်စစ်တပ်သည် ပျားသုံးကျေးရွာဘက်သို့ ထိုးစစ်ဆင်လာစဥ် တိုက်မိုင်းများဖြင့် တိုက်ခိုက်နိုင်ခဲ့ပြီး သုံးဦး သေဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိသွားကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TDPDF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အကြမ်းဖက်စစ်တပ်ကသေဆုံးရုပ်အလောင်းများအားကျော်ရွာသုဿာန်တွင်မြေမြှုပ်ခဲ့သည်ဟုဆိုသည်။
မေလအတွင်းကလည်း စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ကျော်ရွာတွင်တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကရက်(၂၀)ကြာစစ်ဆင်ရေး ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား (၂၀)ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ကနီနယ်ရှိ ကျောက်လုံးကြီး KLG PDF က သတင်းထုတ်ပြန်ထားသည်။
