အကြမ်းဖက်စစ်ကောင်စီ၏လုပ်ငန်းများလည်ပတ်ရာ တွင် ထောက်တိုင်တစ်ခုအဖြစ် ကူညီအားပေးလျှက်ရှိသော Non-CDM ကျောင်းဆရာ၊ဆရာမ ခြောက်ဦးအား ခေါ်ယူစစ်ဆေးမေးမြန်းလျက်ရှိကြောင်း ကရင်နီရဲတပ်ဖွဲ့ (KSP)က အသိပေးသည်။
ကရင်နီပြည်ရဲ၊ အမှတ်(၅)ရဲစခန်းနယ်မြေတွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၏ ခွင့်ပြုချက် သို့မဟုတ် ဒေသခံများ၏ခွင့်ပြုချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီ၏ ညွန်ကြားမှုအောက်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျှက်ရှိကြောင်း ဒေသခံများမှတိုင်ကြားလာ၍ ယခုကဲ့သို့ခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ Non-CDMဆရာ၊ဆရာမ ခြောက်ဦးကို ဇွန်လ ၂၄ရက်တွင် KSPအမှတ်(၅)ရဲစခန်းရှိ ကရင်နီပြည်ရဲများနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၁၂ရှိ တပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်စစ်ဆေးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ် ပြန်သည်။
အဆိုပါ ဆရာဆရာမများအား စစ်ဆေးပေါ်ပေါက်ချက်များနှင့် စီရင်ချက်များချမှတ်ခြင်းတို့ကို ကရင်နီပြည်သူများအား အသိပေးကြေငြာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
