စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှ မုံရွာနှင့် ရွှေဘိုမြို့များသို့ဆက်သွယ်ထားသောလမ်းပိုင်းများအား သွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်သတိပေးသည်။
အရာတော်-မုံရွာလမ်းနှင့် အရာတော်-ရွှေဘိုလမ်းပိုင်းများကို ယနေ့ ဇွန်လ ၁၆ရက် နံနက် ၁၀ နာရီမှစ၍ ယနေ့တစ်ရက်လုံးလမ်းအသုံးပြုခြင်းခေတ္တရပ်နားကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုယ်စား မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးကမေတ္တာရပ်ခံသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများခရီးသွားပြည်သူများ၏ ကားများအား တားဆီး၍ အရပ်သားပြည်သူများနှင့်ရောနှောလိုက်ပါနေခြင်းကြောင့် ယနေ့ တစ်ရက် ခေတ္တလမ်းအသုံးမပြုရန်မေတ္တာရပ်ခံသည်ဟုဖော်ပြထားသည်။
စစ်ကိုင်း-မုံရွာလမ်း၊ စစ်ကိုင်း-ရွှေဘိုလမ်းများတွင်လည်းအကြမ်းဖက်စစ်တပ်က ကင်းပုန်းများချထားသဖြင့် ပြည်သူများသတိထားသွားလာကြရန် ဒေသတွင်းအဖွဲ့များက သတိပေးသည်။
ယနေ့နံနက်ပိုင်းကမုံရွာ-မန္တလေးလမ်းပေါ်၊စစ်ကိုင်းနှင့် မြင်းမူမြို့နယ်ကြား ဖြတ်သန်းခဲ့သူတစ်ဦးက”လမ်းမှာလောလောဆယ် စစ်တာဆေးတာမရှိသေးပေမယ့် လမ်းဘေးတချို့မှာ သေနတ်ကိုင်ထားတဲ့စစ်သားတွေ တွေ့နေရတယ်။”ဟုပြောသည်။
မုံရွာ-မန္တလေးလမ်း၊ မုံရွာ-အရာတော်လမ်းနှင့် ရွှေဘို-အရာတော်လမ်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များမကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။
