●CDF-မင်းတပ်၏ မြို့သိမ်းတိုက်ပွဲအတွက်အစမ်းလေ့ကျင့်မှုဟုပြောရေးဆိုခွင့်ရှိသူဖေစ်ဘွခ်တွင်ရေးသားထား
မင်းတပ်မြို့တွင် ယနေ့နံနက်တိုက်ပွဲသုံးကြိမ်ဖြစ်ပွားရာစစ်ကောင်စီဘက်က ငါးဦးထက်မနည်းသေဆုံးပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိနိုင်ကြောင်းချင်းဒေသကာကွယ်ရေးတပ်CDF-မင်းတပ်ကထုတ်ပြန်သည်။
နံနက်၇နာရီခန့်တွင် စစ်ကောင်စီတပ်စွဲထားသည့်မင်းတပ်မြို့ဝင်ဂိတ်အားCDFမင်းတပ်ကတိုက်ခိုက်ခဲ့သည်။ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မသေဆုံးသူနှင့် ဒဏ်ရာရရှိသူများမည်ဟု CDF-မင်းတပ် သတင်းနှင့်ပြန်ကြားရေးဌာနကခန့်မှန်းပြီး အရေအတွက်ကိုဖော်ပြထားခြင်းမရှိပေ။
မင်းတပ်မြို့အဝင်ဂိတ်တိုက်ခိုက်ခံနေသည့်နေရာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကနုလည်း နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် မင်းတပ်မြို့ လဝကရုံးအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီးငါးဦးထက်မနည်းဒဏ်ရာရရှိနိုင်သည်ဟု CDF မင်းတပ်ကအသိပေးသည်။

ထိုအပြင်နံနက် ၉နာရီခွဲခန့်တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှနှစ်ဦးသေဆုံးပြီးသုံးဦးထက်မနည်း ဒဏ်ရာရရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် အထိနာသွားသဖြင့်မင်းတပ်အခြေစိုက် ၂၇၄တပ်ရင်းနှင့်ကျောက်ထုအမြောက်တပ်တို့မှလက်နက်ကြီးကိုးချက်ပစ်ကူးခဲ့ကြောင်း၊နှစ်ကြိမ်မှာဘောင်ထဲကျေးရွာအနီး တောင်ယာများတဝိုက်တွင်ကျသွားပြီးအပျက်အစီးကို စုံစမ်းလျှက်ရှိသည်ဟု CDF-မင်းတပ်သတင်းနှင့်ပြန်ကြားရေးဌာနကထုတ်ပြန်ထားသည်။
မင်းတပ်မြို့ပေါ် ယနေ့ တိုက်ပွဲများနှင့်ပတ်သပ်၍ CDF-မင်းတပ်၏ မြို့သိမ်းတိုက်ပွဲအတွက် အစမ်းလေ့ကျင့်ခန်းဆင်းခြင်းဖြစ်ကြောင်းCDF-မင်းတပ်ပြောရေးဆိုခွင့်ရှိသူကိုယောမောင်ကလူမှုကွန်ယက်တွင်ရေးသားထားသည်။
“CDF-မင်းတပ်၏ မြို့သိမ်းပွဲ ရီဟာဇယ် လေ့ကျင့်ခန်းဆင်းခြင်း။မနက် ၈ နာရီလောက်ကနေ စပြီးမင်းတပ်မြို့တွင်းမှာCDF နဲ့ စကစ နေရာ (၃) ခုမှာ တိုက်ပွဲဖြစ်တယ်။ မနက် ၁၁ နာရီဝန်းကျင်အထိအပြန်အလှန်လက်နက်ကြီး၊ လက်နက်ငယ်တွေ ချနေတုန်း။ ဒီတစ်ခေါက် မြို့ပေါ်တက်ပစ်တဲ့ CDF ကလည်း အရင်အကြိမ်တွေထက်စာရင်အင်အားများတယ်။ စကစတွေလည်း တော်တော်အထိနာတယ်” ဟုကိုယောမောင်က ရေးသားထားသည်။
မင်းတပ်တွင် ဇွန်လဆန်းတွင်တိုက်ပွဲအနည်းငယ်ငြိမ်သက်နေရာမှ စစ်ကောင်စီတပ် တပ်စွဲထားသည့် ပူကွန်ကျေးရွာတွင်ဇွန် ၁၃ရက် ညမှစ၍ တိုက်ပွဲများပြန်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
