ရဟတ်ယာဉ် ဌားရမ်းဝယ်ယူမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက တရားစွဲထားတဲ့အမှုမှာ လူကယ်ပြန်ဒုဝန်ကြီး ဦးစိုးအောင်ကို သက်သေအဖြစ် မနက်ဖြန် ရုံးချိန်းမှာစစ်ဆေးမယ်လို့သိရပါတယ်။
ဒုဝန်ကြီး ဦးစိုးအောင်ဟာ NLD အစိုးရလက်ထက် မှာ အမြဲတမ်းအတွင်းဝန်ကနေ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဖြစ်ပါတယ်။ဒါပေမယ့် စစ်ကောင်စီအာဏာသိမ်းပြီးနောက် တာဝန်ကနေရပ်စဲခံရသူလည်းဖြစ်ပါတယ်။
ဒီအမှုမှာ စစ်ကောင်စီက နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မနဲ့ တရားစွဲဆိုထားတာပါ။
တရားလိုကတော့ စစ်ကောင်စီ ပြန်ဖွဲ့စည်းထားတဲ့ အဂတိကော်မရှင်က အရာရှိ ဦးအောင်ခန့်ဖြစ်ပါတယ်။
ဒီနေ့ ရုံးချိန်းမှာ ရဟတ်ယာဉ် ဌားရမ်းဝယ်ယူတဲ့ မြန်မာပြန် စာချုပ်ကို သက်သေအဖြစ် တရားလိုက တရားရုံးကိုတင်ပြခဲ့ပါတယ်။ စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရှေ့နေက စာချုပ်ကို အသေးစိတ်လေ့လာဖို့အတွက် တရားရုံးကို တင်ပြရာမှာ တရားရုံးဘက်က လက်ခံခဲ့တယ်လို့သိရပါတယ်။
ရုံးချိန်းမစတင်မီ ရှေ့နေအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ တွေ့ဆုံခဲ့ကြရပြီး ၂ ဦးလုံးကျန်းမာရေးကောင်းမွန်ကြတယ်လို့သိရပါတယ်။
