စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်ပါက အရေးယူခံရမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ယနေ့(ဇွန် ၁၃ရက်)တွင်ထုတ်ပြန်ခြိမ်းခြောက်သည်။
တိုင်းနှင့်ပြည်နယ်များတွင် စက်သုံးဆီမပြတ်လပ်စေရန် ပြည်ပမှ ဆီတင်သွင်းသည့် ကုမ္ပဏီများ၊ ဆိပ်ကမ်းကုမ္ပဏီများ၊ ဆီဆိုင်များအနေဖြင့် ဆောင်ရွက်ထားရမည်ဟု MPTAက ဆိုသည်။
စက်သုံးဆီုတွင်ဆီပြတ်လပ်ပါက အချိန်နှင့်တပြေးညီတင်ပြရမည်ဖြစ်ပြီး မဆောင်ရွက်ပါကအရေးယူမည်ဟု MPTAက ဆီလုပ်ငန်းရှင်များကို ဖိအားပေးခြိမ်းခြောက်ထားသည်။

ထိုကန့်သတ်ချက်သည် လုပ်ငန်းရှင်များအတွက်အခက်အခဲဖြစ်စေပြီးစီးပွားရေးလုပ်ငန်းကိုအာဏာနှင့်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
“မကိုက်လို့ (မမြတ်ဘဲ လုပ်ငန်းလည်ပတ်ရန်ခက်ခဲ၍)ဆီဆိုင်ပိတ်ရင်တောင် အခက်အခဲဖြစ်နေတဲ့ အနေအထားပါ”ဟု အထက်ပါလုပ်ငန်းရှင်ကပြောသည်။
စစ်ကောင်စီက ဒေါ်လာဈေးထိန်းချုပ်ပြီး စက်သုံးဆီကိုပါ၎င်းတို့သတ်မှတ်သည့် နှုန်းအတိုင်းရောင်းချရမည်ဟု ကန့်သတ်ထားသည်။ထိုဈေးနှုန်းသည် ဈေးကွက်ပေါက်ဈေးနှုန်းထက်များစွာနည်းနေပြီး လုပ်ငန်းရှင်များအတွက်တွက်ခြေမကိုက်သောကြောင့် ဆီဆိုင်တွင်ရောင်းချမှုလျှော့နည်းလာသည်။ထိုအပြင် စစ်ကောင်စီကဒေါ်လာများကိုထိန်စချုပ်ရန်ကြိုးပမ်းနေပြီး ပြည်တွင်း၌ဒေါ်လာရှားပါးမှုကြောင့် စက်သုံးဆီဝယ်ရန် ပိုမိုခက်ခဲလာသည်။ထိုနောက်ဈေးကွက်အတွင်း မှောင်ခိုဈေးကွက်ပေါ်ပေါက်လာသည်။

လက်ရှိ ရန်ကုန်မြို့အပါအဝင် ဆီဆိုင်အများစုတွင် စက်သုံးဆီပြတ်လပ်နေပြီး ဆီဝယ်ယူရန် အခက်အခဲဖြစ်နေသည်ဟု ပြည်သူများကပြောသည်။ နယ်မြို့များတွင် ဆီဆိုင်များတွင် ဆီပြတ်လပ်နေ၍ ဆီဆိုင်အများစုမှ ပိတ်ထားရသည်။မှောင်ခိုရောင်းချသောနေရာများတွင် စစ်ကောင်စီသတ်မှတ်သောဈေးထက် ပိုပေး၍ဝယ်ရသော်လည်း ဆီမှောင်ခိုရောင်းသူများကို စစ်ကောင်စီကလိုက်လံဖမ်းဆီးသဖြင့် ဆီမှောင်ခိုဝယ်ရန်လည်းခက်ခဲနေသည်။
ရန်ကုန်မြို့တွင် အောက်တိန်း ၉၂ တစ်လီတာကို ၂၃၀၅ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၃၇၀ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၁၀ကျပ် နှင့် ပရီမီယံတစ်လီတာကို ၂၆၄၀ကျပ်ပေါက်ဈေးရှိသည်။
