မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်အနောက်ဘက်ရှိ ရွာ ၃ ရွာအားစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် ၃ ရွာပေါင်း အိမ်ခြေ ၁၇၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
စစ်တပ်သည် ဇွန်လ၁၀ရက်နံနက်ပိုင်းကပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်အနောက်ဘက်ရှိ ဒဲ့ပြား၊အရှေ့ကမ်းဖြူ၊ တောင်ပါးလူ အစရှိသည့် ကျေးရွာ ရွာ၃ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။




ဒဲ့ပြားရွာ ၁၃အိမ်၊ အရှေ့ကမ်းဖြူ အိမ်၃၀ကျော်၊ တောင်ပါးလူ ၁၃၀ကျော် စုစုပေါင်း ၁၇၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟုဒေသခံများက ပြောသည်။
အဆိုပါကျေးရွာ၃ရွာအပြင် အနီးတစ်ဝိုက်ကျေးရွာများမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးလူဦးရေရာနှင့်ချီ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၇ ရက်နေ့က တန့်ကြည့်တောင်ဒေသသို့ဘုရားဖူးလာသည့် ကားတစ်စီးပစ်ခတ်ခံခဲ့ရပြီးအမျိုးသားကြီးတစ်ဦး သေဆုံးခဲ့သည်။ဒေသတွင်းရှိPDF များကအဆိုပါပစ်ခတ်မှုကိုပြုလုပ်ခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပြည်သူများနှင့်PDF အထင်အမြင်လွဲစေရန် ကျူးလွန်ခြင်းဖြစ်နိုင်ကြောင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရမှုတွင် မကွေးတိုင်းသည် ဒုတိယအများဆုံးဖြစ်ပြီး အာဏာသိမ်းချိန်မှ မေလကုန်အထိ အိမ်ပေါင်း ၃၀၅၅ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
