ရေစကြိုမြို့နယ်၊ပခန်းကြီးရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် မထမ်းဆောင်လို၍ G3(တစ်လက်)၊ ကျည်ဘောက်(၂)ခု၊ ကျည်အဆံ အတောင့်(၁၀၀)နှင့်အတူ ပြည်သူ့ ရင်ခွင်သို့ ပြည်သူနှင့်အတူခိုလှုံ ပူးပေါင်းခဲ့ကြောင်း ရေစကြိုနယ်အခြေစိုက် Young Force (UG)က အသိပေးသည်။
လတ်တလော လုံခြုံရေးအခြေအနေအရ အဆိုပါရဲတပ်သား၏အမည်နှင့်ကိုယ်ပိုင်အမှတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ကချန်လှပ်ထားပြီးလွတ်မြောက်နယ်မြေသို့ပို့ဆောင်ထားသည်။
“လမ်းစရိတ် (၁)သိန်းထောက်ပံ့ပေးပြီး ဂုဏ်ပြုငွေကတော့ ထင်တာထက်ပိုများပါမယ်။”ဟု Young Force (UG)က ဆိုသည်။

ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားနှင့်ရဲများ CDM ပြုလုပ်မည်ဆိုပါက လုံခြုံရေး အာမခံဖြင့် စိတ်ချရသည့် နေရာများအထိ ပို့ဆောင်ပေးမည်ဖြစ်ပြီးပြည်သူနှင့်အတူပူးပေါင်းမည့် မည်သူ့ကိုမဆို လက်ခံကြိုဆိုကြောင်း Young Force (UG)အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရေစကြိုမြို့နယ်သည် အကြမ်းဖက်စစ်တပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ဇွန်လ ၉ ရက်နေ့က ရေစကြို-ချောင်းဦးလမ်းပေါ်ရှိ ဆင်ဖြူရှင်တံတားဂိတ်(စစ်ကိုင်းတိုင်းဘက်ခြမ်း) တိုက်ခိုက်ခံရကာ အကြမ်းဖက်အုပ်စုဝင် ၃ ဦးသေဆုံးခဲ့သည်။
