မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)က ထုတ်ပြန်သည်။
ယမန်နေ့(ဇွန် ၁၂)နံနက် ၄နာရီခွဲက ဧရာဝတီမြစ်အောက်ဘက်၊ မြေတော်ရွာဘက်သို့ စက်မနှိုးဘဲ စက်လှေဖြင့် တိတ်တဆိတ်စုန်ဆင်းလာသော စစ်ကောင်စီတပ်ကို CDSOM ၊ PDF – Taloke ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့အပါဝင် မဟာမိတ် ၁၄ ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်များသည် ဧရာဝတီမြစ် အနောက်ဘက် ပန်းညိုရွာဘက်တွင် စစ်ကြောင်းတစ်ကြောင်းထားရှိပြီး မြစ်အရှေ့ဘက်မှ ခိုးယူလုယက်လာသောပစ္စည်းများကို စစ်ကြောင်းတစ်ကြောင်းက သယ်ယူပေးခြင်း၊ မြစ်ကြောင်းအတွင်းသွားလာသော ပြည်သူပိုင်လှေများကို ဆပ်ကြေးကောက်ခြင်းတို့ကို ကျူးလွန်ကြကြောင်း ထုတ်ပြန်သည်။
အဆိုပါ မြစ်အရှေ့ဘက်ခြမ်းစစ်ကြောင်းမှ စစ်ကောင်စီတပ်များ ဆင်ချောင်းရွာသက်ပင်အောက်၌ရှိနေစဥ် ယင်းနေ့နံနက် ၈ နာရီခန့်တွင် PDF ပူးပေါင်းအဖွဲ့မှ အီဂါနာတစ်လုံးပစ်ချခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကြောင်း ဖော်ပြသည်။
အလားတူ ညောင်တိုရွာအုပ်ချုပ်ရေးမှူးအိမ်၌ စုဝေးနေသော စစ်ကောင်စီတပ်ကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် အီဂါနာဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး ဝင်းလွင်နှင့် ပျူစောထီးနှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံးခဲ့သည်။
ယင်းနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ(၆၀) မမအပါအဝင် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ PDFပူးပေါင်းတိုက်မှ စနိုက်ဘာဖြင့် ပြန်လည်ပစ်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦး ထပ်မံသေဆုံးပြီး ယမန်နေ့တစ်ရက်ထဲ စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“လူသားဒိုင်းအဖြစ် ပြည်သူများက်ို ခေါ်ဆောင် ၍ အုပ်စုဖွဲ့ နေကြသောကြောင့် ပြည်သူများအားထိခိုက်မှုမရှိစေရန်အလို့ငှာ ကျွန်တော်တို့တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြသည်”ဟု CDSOM မှ ပြောသည်။
