စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော အိမ်ထောင်စုများအားတစ်အိမ်ထောင်လျှင် ကျပ်လေးသောင်းနှုန်းဖြင့်အိမ်ခြေ ၆၀ကို ကူညီထောက်ပံ့ခဲ့ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက သတင်းထုတ်ပြန်သည်။
မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ကအလှူရှင်အဖွဲ့တစ်ဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့်ချောင်းဦးမြို့နယ်ရှိကျေးရွာ ၂ရွာမှစစ်ဘေးရှောင် ပြည်သူအချို့နှင့်တွေ့ဆုံခဲ့သည်။




မီးရှို့ခံခဲ့ရသော အိမ်ထောင်စုများထံသို့ တစ်အိမ်ထောင်လျင် (၄၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း အိမ်ခြေ ၆၀ စာ ထောက်ပံ့ကူညီခဲ့ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ယနေ့ခုတ်ပြန်အသိပေးသည်။
ပထမရွာတွင် အိမ်ခြေ (၄၁)အိမ်စာအတွက်ကျပ် ၁၆ သိန်းကျော်( ၁,၆၄၀,ဝ၀၀ )ကူညီထောက်ပံ့ခဲ့ပြီး ဒုတိယရွာတွင် အိမ်ခြေ (၁၉) အိမ်စာအတွက် ၇၆၀,၀၀၀ ပေးအပ်လှူဒါန်းကူညီပေးခဲ့ကြောင်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပြောသည်။


“ချောင်းဦးမြို့နယ်ထဲမှာဆိုရင် စကစ နဲ့ ပျူတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို အကြမ်းဖက်ဖမ်းစီး သတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို ဒီနှစ်ကာလ အစောပိုင်းကာလကနေစပြီး ဒီနေ့ ဒီအချိန် အထိ ပြုလုပ်နေတာဖြစ်တယ်။ ပြည်သူတွေဟာလည်းအဲဒီဒုက္ခဆိုးတွေကို အကောင်းဆုံးခါးဆီးခံရင်းတော်လှန်ရေးကိုဆက်လုပ်နေကြတယ်ဖြစ်တယ်၊ကျနော်တို့ ပြည်သူတွေအနေနဲ့ ဒီလိုဒုက္ခသည်တွေကို အားပေးကူညီသင့်ပါတယ်။”ဟုမုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က ပြောသည်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၁၅ လတာကာလအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှ နေအိမ် ၁၃,၈၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ဖော်ပြထားသည်။ ဧပြီလကုန်ပိုင်းအထိ အိမ်ခြေ ၇,၅၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး မေလတစ်လတည်းတင်စစ်တပ်က အိမ်ခြေ ၆,၃၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်။
