စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ တောင်ပိုင်းကွင်းအား အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးမည်ဟုသတင်းရ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် Infinity Group အဖွဲ့က အသိပေးကြေညာသည်။
ကန့်ဘလူနယ်တစ်ဝိုက်နှင့် စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းလှုပ်ရှားမှုများ ပြည်သူ့သို့သတင်းတင်ပြပေးနေသည့် Infinity Groupက ယနေ့ ဇွန်လ ၇ ရက်ညပိုင်းက အသိပေးခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၈၊၉၊၁၀ ရက်နေ့များတွင် စစ်ကိုင်းတိုင်းအနောက်မြောက်ပိုင်း၊ ဖောင်းပြင်မြို့နယ် တောင်ပိုင်းကွင်းအား အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်းထိုးမည်ဟု ကြားသိရကြောင်း၊ ဟုမ္မလင်း နှင့် ခန္တီးမြို့များရှိ စစ်တပ်များအား စစ်ကူတောင်းထားကြောင်းလည်း ထပ်မံ သိရကြောင်း Infinity Groupက အသိပေးသည်။
ရာသီဥတုသာယာပါက လေကြောင်းပါ အသုံးပြုနိုင်ပါသဖြင့် ဖောင်းပြင်မြို့နယ် တောင်ပိုင်းကွင်းရှိ ကျေးရွာများမှ ပြည်သူများအားလုံး သတိရှိစေရန် အသိပေးထုတ်ပြန်အပ်ကြောင်း Infinity Groupက ဆိုသည်။
ဖောင်းပြင်မြို့နယ်အား အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်တာနက်လိုင်းများ ဖြတ်တောက်ထားကာ အချို့နေရာများမှာ ဖုန်းလိုင်းများပါ ဖြတ်တောက်ထားသောကြောင့် အဝေးရောက် ဆွေမျိုး၊မိတ်ဆွေ၊နယ်သူနယ်သားများမှ ဆက်သွယ်အကြောင်းကြားပေးပါရန် Infinity Groupက မေတ္တာရပ်ခံထားသည်။
