ပြီးခဲ့သည့်မေလက နေအိမ် ၆၀၀နီးပါး မီးရှို့ဖျက်ဆီးခံရသည့် အရာတော်မြို့နယ် မလဲသာကျေးရွာမှ ဒေသခံများသည် ယခုအခါ စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေသောကြောင့် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြရန် ဒေသခံအချို့က အကူအညီတောင်းခံလိုက်သည်။
အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည့် မလဲသာရွာကို စစ်ကောင်စီက မေလ ဆန်းတွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အများအပြားကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။

“အရင်က ဘေးရွာတွေကနေ ကူညီလို့ စားရေးသောက်ရေးအဆင်ပြေတယ်။ အခုတော့ မီးရှို့ခံရတဲ့ရွာတွေများလာတဲ့အခါ ကျွန်တော်တို့ အကူအညီတွေ မရတော့ဘူး”ဟု မလဲသာရွာ ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။
အိမ်ကြီးအိမ်ကောင်းများစွာ မီးရှို့ဖျက်ဆီးခံရသည့် မလဲသာရွာသည် ယခုအခါ ရွာပျက်တစ်ခုလို ဖြစ်နေပြီး ဒေသခံများသည် တောင်ယာများနှင့် ဥယာဥ်ခြံများတွင် ယာယီတဲထိုး၍ နေကြရသည်။ မိုးတွင်းအတွက်လှောင်ထားသော ဆန်နှင့်စပါးများကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွား၍ စားနပ်ရိက္ခာ ပြန်လပ်သွားခြင်းဟု ဒေသခံများက ပြောသည်။

“ထမင်းအိုးတောင်မရှိတဲ့ မိသားစုတွေလည်း များတယ်။ စားရေးသောက်ရေးအတွက် အကူအညီတွေ အခုချက်ချင်းကို အရေးပေါ်လိုနေတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။
မလဲသာရွာ ပြည်သူများကို ကူညီလိုသူများသည် အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အောက်ပါ Link https://www.facebook.com/ayadawpeoplesadministration/
သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
