မြိတ်မြို့ အထက်တန်းကျောင်းတွင် မိုင်းနှစ်လုံး ပေါက်ကွဲမှုဖြစ်စဥ်မှာ ဒေသခံကာကွယ်ရေးတပ်များက ပြုလုပ်ခြင်းမဟုတ်ဘဲ စစ်ကောင်စီက အထင်မှားအောင် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း မြိတ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်သည်။
မြိတ်မြို့နယ် မြိတ်တောင်နယ်မြေ မြို့သစ်ရပ် အ.ထ.က (၇)အထက်တန်းကျောင်းအနောက်ဘက် မြို့သစ်ဈေးအနီးတွင် ယမန့်နေ့ (မေလ ၂၆ရက်) ညနေ ၆နာရီနှင့် ယနေ့ (မေ ၂၇ရက်) နံနက် ၉နာရီခွဲတွင် မိုင်းနှစ်လုံး ပေါက်ကွဲခဲ့မှုအပေါ် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။
အဆိုပါ ဖောက်ခွဲမှုကို စစ်ကောင်စီဘက်ကဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် မြိတ်တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုကြား အထင်အမြင်လွဲမှားအောင်ပုံဖျက်တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ထိုသို့ဆောင်ရွက်ခြင်းကိုလည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဆိုသည်။
“ပြည်သူလူထုနဲ့ အရပ်ဖက်ပစ်မှတ်တွေမတိုက်ခိုက်ဖို့က ကျွန်တော်တို့ရဲ့ လိုက်နာရမယ့်ကျင့်ဝတ်ပါ။ ဒီလိုလုပ်ရပ်တွေလက်ခံနိုင်စရာမရှိပါဘူး”ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြည်သူလူထုအနေဖြင့် စစ်ကောင်စီနှင့် ၎င်းတို့ လက်ပါး စေအဖွဲ့၏ နောက်ဆုံးထွက်ပေါက်အနေဖြင့် ယုတ်မာကောက်ကျစ်မှုကို သတိကြီးစွာထားရန်လည်း (ပကဖ) က တိုက်တွန်းထားသည်။
