ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့ နံနက် ၅နာရီခန့်မှစတင်ကာ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်ဟု ဒသခံများပြောသည်။
ဖားကန့်မြို့နယ် ဝှေခါကျေးရွာနှင့် ဆိုင်းတောင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
“မနက် ၅နာရီလောက်က စဖြစ်တာ။ တိုက်ပွဲကြီးတယ်။ သေနတ်ပစ်ခတ်သံတွေ ကြမ်းတယ်။ ၆ နာရီလောက်ကျတော့ ရပ်သွားတယ်။ ဒါပေမယ့် အခုထိ သေနတ်သံ တစ်ချက် တစ်ချက် ကြားနေရတုန်းပဲ”ဟု ယနေ့( မေလ ၂၂ရက်)နံနက် ၈ နာရီခန့်က အခြေအနေကို ဒေသခံတစ်ဦးကပြောသည်။
ဝေခါကျေးရွာတွင် စစ်ကောင်စီ၏ ရဲတပ်ရင်း(၃၀)ရှိနေပြီး ယမန်နေ့(မေ ၂၁ရက်) ညတွင် ရဲတပ်ရင်းဘက်မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
“ရဲတပ်ရင်းက တစ်ညလုံးခြောက်ပစ်နေတာ။ မနက် ဝေလီဝေလင်းမှာတော့ ကေအိုင်အေနဲ့ PDF က ဝင်ဆော်တာ” ဟု ဝေခါကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
သို့သော် တိုက်ပွဲနောက်ဆက်တွဲ အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။
ရဲတပ်ရင်း(၃၀)မှ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးသည် မေလ ၂၁ရက် နံနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံလိုက်ရသေးသည်။ မည်သည့်အဖွဲ့က ဖမ်းသွားသည်ကို အတည်မပြုနိုင်သေးပေ။
