ရုရှားရဲ့ကျုးကျော်စစ်ကို ခုခံတွန်းလှန်နေတဲ့ ယူကရိန်းကို လက်နက်ထောက်ပံ့သလို အာဏာသိမ်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို လည်း လက်နက်ခဲယမ်းပံ့ပိုးဖို့ အနောက်နိုင်ငံတွေထံ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ထောက်ခံမှုဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာခွန်အားဖြစ်စေပေမယ့် လက်နက်နဲ့ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့မှုတွေသာရလာရင် ပိုမို ကျေးဇူးတင်မိမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

“ဒီလိုထောက်ပံ့မှုတွေနဲ့ဆို လူထု ထိခိုက် နစ်နာဆုံးရှုံးမှုနည်းပါးပြီး တော်လှန်ရေးကို လည်းခပ်မြန်မြန်အဆုံးသတ်နိုင်လိမ့်မယ် ” လို့ ဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကို စတင်တည်ထောင်ချိန်ကတည်းက ပြည်ပနိုင်ငံတွေထံကနေ လက်နက်အကူအညီပေးအပ်တာမျိုးမရှိသေးဘူးလို့ ပြီးခဲ့တဲ့မတ်လအတွင်းက ဝန်ကြီးဦးရည်မွန်က ပြောဖူးပါတယ်။
ပြည်တွင်း ပြည်ပ က ပြည်သူတွေရဲ့ထောက်ပံ့လှူဒါန်းမှု ရန်ပုံငွေနဲ့သာ အရင်တည်ပြီး တည်ထောင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။
PDF တွေအတွက် အဓိက အားနည်းချက်ဟာ စစ်လက်နက်ခဲယမ်းမီးကျောက် ဖြစ်တယ်လို့ ဝန်ကြီးကဝန်ခံထားပါတယ်။စစ်လက်နက်ခဲယမ်း ဝယ်ယူဖို့ ၊ထုတ်လုပ်ဖို့ အတွက် လိုအပ်တဲ့ဘဏ္ဍာရန်ပုံငွေ ရှာဖွေတာ ၊ လက်နက်သယ်ယူ ဖြန့်ဝေ တပ်ဆင်ရာ မှာ စိန်ခေါ်မှုအခက်အခဲအများကြီးကြုံရတယ်လို့ ဝန်ကြီးကပြောဖူးပါတယ်။
လက်ရှိအချိန်ထိတော့ မဟာမိတ်တွေရဲ့အကူအညီနဲ့ စစ်လက်နက်ခဲယမ်းမီးကျောက်ပမာဏ တစ်ခုကို လက်လှမ်းမီထားပြီလို့ ဝန်ကြီး ဦးရည်မွန်ကပြောထားပါတယ်။
ဒါပေမယ့် PDF ရဲဘော်အားလုံးကို လူတိုင်းစေ့ တပ်ဆင်ပေးနိုင်ဖို့ဆိုတာကတော့အလှမ်းဝေးသေးတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
