ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီးမှာ မနေ့က KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ တပ်မဟာ ၁ နယ်မြေမှာရှိတဲ့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုထံကနေ သိရပါတယ်။
မနေ့ မေလ ၁၇ရက် မနက် ၈ နာရီခန့်ကစတင်ပြီး ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီးမှာ KNLA PDF ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၂နာရီခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီ ဘက်မှ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကာ KNLA PDF ပူးပေါင်းတပ်ဖွဲ့ ဘက်ကတော့ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့ရကာ တစ်ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုထံက ဆိုပါတယ်။
ကေအဲန်ယူ-ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ တပ်ရင်း ၂ ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ့ နယ်မြေကျူးကျော်ရောက်ရှိလာတာကြောင့် KNLA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့မှုဖြစ်ပွါးပြီး တိုက်ပွဲပြင်းထန်ခဲ့တာလို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုက ဆိုထားပါတယ်။
ကေအဲန်ယူ ဒူးသထူခရိုင် တပ်မဟာ ၁ နယ်မြေအတွင်းရှိ သထုံ ဘီးလင်းမြို့နယ်တွေမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်းစီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွါးလျက်ရှိနေတယ်လို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
