နေပူပူ၊ မိုးရွာရွာမည်သည့်အခြေအနေမဆို စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်ရေး Mission များရှိနေကြောင်း ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ထုတ်ပြန်လိုက်ပြီး ပြည်သူလူထုအနေဖြင့် အကြောက်တရားကင်းစွာ ပူးပေါင်းကူညီပေးရန် တိုက်တွန်းလိုက်သည်။
အကြမ်းဖက်စစ်ကောင်စီအား ပုံစံမျိုးစုံဖြင့် တိုက်ခိုက်သွားမည့်အကြောင်းကို ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များဖြစ်သည့် Ranger (PKU)၊RSO (PKU)နှင့်Young Force( UG)တို့က ယနေ့( မေ ၁၇ရက်)ညနေတွင် အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

” မိုးရွာရွာ၊နေပူပူ mission ရှိပါသည်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက ထုတ်ပြောထားပြီး ပြည်သူလူထုနှင့် အမြဲတစေအတူရှိနေမည်ဟု ဆိုသည်။
ပြည်သူ့ကာကွယ်ရေးရဲဘော်များက ရှေ့တန်းမှတိုက်ခိုက်နေစဥ် လူထုအနေဖြင့် ကြောက်ရွံ့မနေဘဲ စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့များကို ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
မဟာမိတ်သုံးဖွဲ့သည် ယမန်နေ့(မေလ ၁၇ရက်)ညက ပခုက္ကူမြို့ မြဝတီဘဏ်တွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်က သေဆုံးသူအချို့ရှိခဲ့ပြီး နောက်ဆက်တွဲ သတင်းများအားစုံစမ်းနေပြီး သိရှိရပါကဆက်လက် အသိပေးသွားပါမည်ဟု Ranger(PKU)က ထုတ်ပြန်သည်။

မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူမြို့သည် စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေးတွင် ရဲရင့်တက်ကြွနေပြီး စစ်ကောင်စီဒေါက်တိုင်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ရှင်းလင်းနေသည်။
