ကေအဲန်ယူ-ဖာပွန်ခရိုင်မှာ နှစ်ပတ်အတွင်း KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား ရင်ဆိုင်တိုက်ပွဲရာနဲ့ချီဖြစ်ပွားခဲ့တာ စစ်ကောင်စီဘက်က အယောက် ၉၀ နီးပါး သေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
အခုလ မေလဆန်းပိုင်းကနေစတင်ကာ ဒုတိယပတ်အထိ နှစ်ပတ်တာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့်BGF တပ်တွေအကြား ရင်ဆိုင်တိုက်ပွဲပေါင်း (၁၈၆)ကြိမ်ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က (၈၈)ဦးသေဆုံးကာ (၆၈)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်ကတော့ စစ်သည်နှစ်ဉီးကျဆုံးပြီး နှစ်ဉီးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလ နှစ်ပတ်တာအတွင်းမှာ ကျေးရွာတွေအပေါ် စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တို့က လက်နက်ကြီးအလုံးပေါင်း ၇၀၀ ကျော်ပစ်ခတ်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးသွားကာ ရှစ်ဦးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ထောက်ပို့ မြင်းလား ၁၃ ကောင်ကို ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ ပို့ဆောင်ရေးယာဉ် ၃ စီးနဲ့ စစ်ဆေးခန်းတစ်လုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
