●စစ်ဘေးရှောင်ပြည်သူအချို့ပိတ်မိနေဟု ဒေသခံများပြော
ကလေးမြို့နယ်တွင်စစ်ကောင်စီတပ်က စစ်ဘေးရှောင်များ ရှိနေသည့် နေရာများနှင့် PDF စခန်းရှိသည်ထင်သော နေရာများကိုယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်ရေးရဟတ်ယာဥ် နှစ်စင်းဖြင့် တိုက်ခိုက်နေကြောင်းဒေသခံအချို့နှင့် လွတ်တော်အမတ်ကပြောသည်။
ယနေ့(မေ ၁၄ရက်) နံနက် ကိုးနာရီခန့်မှ စတင်ကာ၁၀ နာရီကျော်အထိ့ စစ်ကောင်စီကMI-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်နှစ်စင်းဖြင့်လာပစ်နေခြင်းဟု ကလေးမြို့နယ်မှ ဒီချုပ်ပါတီအမတ်ဒေါ်သန့်ဝေကျော်က အသိပေး ထားသည်။
” ကလေးခရိုင် PDFတပ်ရင်း (၄) ဖက်ခြမ်း စခန်းများ၊ စစ် ဘေးရှောင်စခန်းများ တည်ရှိရာဖက် စကစ MI -35နှစ်စင်းနဲ့ပစ်နေပါတယ်။ Jet သုံး စင်းနောက်ထပ် ပျံဝဲလာနေကြောင်း ကနဦး သတင်းသိရပြီး အခြေနေအသေးစိတ်မသိရသေး”ဟု ဒေါ်သန့်ဝေကျော်ကလူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ တိုက်လေယာဥ်များသည် မုံရွာမြို့ဘက်မှ ပျံသန်းလာခြင်းဖြစ်ပြီး လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အရပ်သားများ၏ အသက်အန္တရာယ် အလွန်စိုးရိမ်နေရသည်ဟု ကလေးမြို့ခံများကပြောသည်။
စစ်ကောင်စီတပ်က လေကြောင်းမှ အဆက်မပြတ်တိုက်ခိုက်နေပြီး စကားဝါတောင်၊ နွားတောင်နှင့် နွားချောင်းပတ်ဝန်းကျင်တွင် ခိုလှုံနေသော စစ်ရှောင်ပြည်သူများပိတ်မိနေသည်ဟု ဒေသခံများကပြောသည်။
