အကျဉ်းထောင်က လွတ်လာပြီးတဲ့နောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ နည်းနည်း အားနည်းနေသေးပေမယ့် ပျော်ပျော်ရွှင်ရွှင် ရှိနေတယ်လို့ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောပါတယ်။
အသက် ၇၄ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီးဟာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း မျက်ကွယ်မှာ ချမှတ်ခံခဲ့ရတဲ့ အဂတိ လိုက်စားမှု၊ အာဏာ အလွဲသုံးစားမှု စွပ်စွဲချက်တွေအတွက် ပြစ်ဒဏ်ကို ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ရာက မနှစ်က ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့တာပါ။
သူဟာ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ကျခံရပေမယ့် ထိုင်းဘုရင်ရဲ့ လျှော့ပေါ့ခွင့် အမိန့်နဲ့ အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေကြောင့် ၆ လအကြာမှာပဲ ပြစ်ဒဏ် အားလုံးကနေ လွတ်မြောက်ခဲ့ပါတယ်။ အကျဉ်းကျခံရတဲ့ ၆ လမှာလည်း သက်ဆင်ဟာ အကျဉ်းခန်းထဲ မနေရဘဲ ဘန်ကောက်က ထိုင်းရဲတပ်ဖွဲ့ ဆေးရုံမှာ တက်ရောက်နေခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်မှာ အချုပ်အနှောင်က လွတ်မြောက်လာပြီး မိသားစုနဲ့အတူ နေထိုင်နေတဲ့ သက်ဆင်ဟာ နည်းနည်း အားနည်းနေသေးပေမယ့် အရင်က သိပ်မလှုပ်နိုင်တဲ့ လက်မောင်းကတော့ အခြေအနေ ပြန်ကောင်းလာပြီး ကျန်းမာရေးလည်း တိုးတက်လာနေတယ်လို့ ဆရက်သာက ပြောပါတယ်။ သက်ဆင်ဟာ ပျော်ပျော်ရွှင်ရွှင် လန်းလန်းဆန်းဆန် ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။
သက်ဆင် ထူထောင်ထားတဲ့ ဖျူထိုင်းပါတီ (PTP)က ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေ၊ စစ်တပ်အားပေး ပါတီတွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့ခြင်းက သက်ဆင်ရဲ့ ထိုင်းနိုင်ငံ အပြန်ခရီးကို ဖြောင့်ဖြူးအောင် ညှိနှိုင်းခွင့် ရစေခဲ့တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

Public Service Announcement
ကွန်ဆာဗေးတစ်တွေဟာ သက်ဆင်ကို ခါးသီးပေမယ့်လည်း ပိုမို ဆိုးရွားတဲ့ ရန်သူလို့ သတ်မှတ်ထားတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ရှေ့သို့ချီပါတီ (MFP)ရဲ့ အင်အားကောင်းလာမှုကြောင့် PTPနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
သက်ဆင်ဟာ ဩဂုတ်လမှာ ထိုင်းကို ပြန်ရောက်ရောက်ချင်း ထိုင်းဘုရင်ရဲ့ အထူးအမိန့်အရ ထောင်ဒဏ် ၈ နှစ်ထဲက ၇ နှစ် လျှော့ပေါ့ခွင့် ရခဲ့ပြီး အခုလမှာတော့ သက်ကြီးရွယ်အို နာမကျန်း ဖြစ်နေသူတွေအတွက် သတ်မှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ နောက်ထပ် ၆ လကို ဖြေလျှော့ခွင့် ရခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: CNA
