ဆာဘီးယားနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ပျံတက်တဲ့အချိန် လေယာဉ်ပြေးလမ်း အဆုံးက မီးအချက်ပြ ဓာတ်တိုင်နဲ့ တိုက်မိပြီး ကိုယ်ထည် ပေါက်ပြဲသွားတဲ့အတွက် အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရပါတယ်။
ဂရိရဲ့ Marathon လေကြောင်းလိုင်းပိုင် Embraer E195LR အမျိုးအစား လေယာဉ်ဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညပိုင်းက ဂျာမနီနိုင်ငံ၊ ဒူဆယ်လ်ဒေါ့ဖ်မြို့ကို ဦးတည် ပျံသန်းဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ် ပျံတက်ချိန်မှာ အမှားအယွင်းကြုံပြီး ပြေးလမ်းကို အလင်းရောင်ပေးတဲ့ ဓာတ်တိုင်နဲ့ ငြိမိပြီး ကိုယ်ထည်မှာ ပေါက်ပြဲမှုတွေ ဖြစ်ခဲ့တာပါ။
ခရီးစဉ်အမှတ် JU324 အဖြစ် ပျံသန်းတဲ့ လေယာဉ်ဟာ လေယာဉ်ကွင်းကနေ ပျံတက်သွားပြီးတဲ့နောက် လေထဲမှာ အတော်ကြာကြာ လှည့်ပတ် ပျံဝဲပြီးမှ ဘဲလ်ဂရိတ်မြို့မှာရှိတဲ့ Tesla လေဆိပ်ကို ချောချောမောမော ပြန်လည် ဆင်းသက်နိုင်ခဲ့ပါတယ်။
ခရီးသည် ၁၃၂ ဦး လိုက်ပါနိုင်တဲ့ လေယာဉ်ရဲ့ ဘေးဖက်မှာ အပေါက်ကြီး တစ်ခု ဖြစ်သွားသလို တခြားပွန်းပဲ့ထားတဲ့ အစင်းကြောင်းတွေကိုပါ တွေ့ရပါတယ်။ ကံအားလျော်စွာနဲ့ပဲ လေယာဉ်ပေါ် လိုက်ပါသွားသူတွေ ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ပါဘူး။ လေယာဉ်ပေါ် လူဘယ်နှယောက် ပါသွားတယ် ဆိုတာကိုတော့ လေကြောင်းလိုင်းက မထုတ်ပြန်သေးပါဘူး။
လေယာဉ်ဟာ ကိုယ်ထည် ဆိုးဆိုးရွားရွား ထိခိုက်ထားတဲ့တိုင် လေယာဉ်ဆီ လျှော့ချဖို့အတွက် လေထဲမှာ အမြင့်ပေ ၄၀၀၀ နဲ့ ၆၀၀၀ ကြား ပြောင်းလဲပြီး တစ်နာရီနီးပါး လှည့်ပတ် ပျံသန်းနေခဲ့သေးတယ်လို့ ဆိုပါတယ်။

Public Service Announcement
လေယာဉ်ဟာ ဘာကြောင့် ဓာတ်တိုင်နဲ့ တိုက်ခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နောက်ပြီး E195LRလို အရွယ်အစားနဲ့ လေယာဉ်မျိုးဟာ ပေ ၄၂၆၀ သာရှည်တဲ့ ပြေးလမ်းကနေ ပျံတက်ခဲ့တယ် ဆိုတာကိုလည်း လေကြောင်းသိပ္ပံ ပညာရှင်တွေက မေးခွန်းထုတ်နေပါတယ်။ အဲဒီလေယာဉ်တွေဟာ လုံလောက်တဲ့ ပင့်အားကို ရရှိဖို့ ပုံမှန်အားဖြင့် ပေ ၇၀၀၀ လောက်ရှည်တဲ့ ပြေးလမ်းမျိုး လိုအပ်တယ်လို့ သိရပါတယ်။
ကိုးကား: Daily Mail
