ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ထောင်ဒဏ် ကျခံနေရာကနေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုအပြီး အဂတိ လိုက်စားမှု၊ အာဏာ အလွဲသုံးစားမှုတွေနဲ့ စွဲချက်တင် ခံခဲ့ရတဲ့နောက် သက်ဆင်ဟာ ပြည်ပမှာ ၁၅ နှစ်လောက် တိမ်းရှောင်နေရာက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ထိုင်းကို ပြန်လာပြီး ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ကို ခံယူခဲ့ပါတယ်။
အဲဒီထဲက ၇ နှစ်ကို ထိုင်းဘုရင်ရဲ့ အမိန့်နဲ့ လျှော့ပေါ့ပေးခဲ့ပြီး လက်ကျန် ၁ နှစ်ထဲက ၆ လကို ကျခံပြီးတဲ့ အခါမှာတော့ သက်ကြီးပိုင်းတွေအတွက် အထူးခွင့်ပြုပေးထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ဖေဖော်ဝါရီ ၁၈ ရက် မနက်အစောပိုင်းမှာ ပြန်လွတ်လာတာ ဖြစ်ပါတယ်။
သူဟာ အကျဉ်းကျခံရတဲ့ ၆ လတာကိုလည်း အချုပ်ခန်းအစား ဆေးရုံမှာပဲ အဓိက အချိန်ကုန် ဖြတ်သန်းခဲ့ပါတယ်။ အသက် ၇၄ နှစ်အရွယ် သက်ဆင်ရဲ့ ဩဇာခံ ဖျူထိုင်းပါတီ (PTP)က လောလောဆယ် ထိုင်းအာဏာရ ညွန့်ပေါင်း အစိုးရကို ဦးဆောင်နေပြီး အဲဒီ အခြေအနေကလည်း သက်ဆင် လွတ်မြောက်ရေး ညှိနှိုင်းမှုတွေအတွက် အဆင်ပြေစေခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိခဲ့ပေမယ့်လည်း သက်ဆင်ရဲ့ မိသားစုနဲ့ PTPကတော့ နောက်ကွယ်မှာ ဘယ်လို အပေးအယူတွေမှ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
ထောင်ကလွတ်တဲ့ နေ့မှာတော့ ဘီလီယံနာ သူဌေးကြီး သက်ဆင်ကို အနက်ရောင် မာစီဒီးစ်ကား တစ်စီးက လာရောက် ခေါ်ဆောင်သွားပြီး နောက်ထပ် ၂၅ မိနစ် အကြာမှာတော့ ဘန်ကောက်မြို့မှာရှိတဲ့ မိသားစု နေအိမ်ဆီ ရောက်သွားတာကို မြင်ခဲ့ကြောင်း သတင်းထောက်တွေက ဆိုပါတယ်။

Public Service Announcement
သက်ဆင်ရဲ့ ရှေ့နေ ဝင်ယက် ချာတိုမွန်ထရီက ဝန်ကြီးချုပ်ဟောင်းဟာ လွတ်ငြိမ်းချမ်းသာမှု သတ်မှတ်ချက် အခွင့်အရေးတွေကို အပြည့်အဝ ခံစားရပြီး တရားဝင် လွတ်လပ်ခွင့် ရလာတာလို့ ပြောပါတယ်။ တစ်နည်းအားဖြင့် သက်ဆင်ဟာ လက်ကျန် ၆ လတာ ကာလကို ခြေချုပ်သဘော အသွားအလာ ကန့်သတ်ခံရတဲ့ အခြေအနေမျိုးတွေ မရှိဘူးလို့ ယူဆရပါတယ်။
သက်ဆင်ဟာ ခေတ်သစ် ထိုင်းနိုင်ငံရေးမှာ ဩဇာအကြီးဆုံး ခေါင်းဆောင်တစ်ဦး အနေနဲ့ရော၊ သဘောထား ကွဲလွဲမှုတွေ အဖန်တီးနိုင်ဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ်ပါ လူသိများခဲ့ပါတယ်။ သူဟာ အစဉ်အလာအရ ထိုင်းတော်ဝင်မိသားစုနဲ့ စစ်တပ်ကို ထောက်ခံသူတွေ၊ ကွန်ဆာဗေးတစ်တွေရဲ့ ရန်ဘက်အဖြစ် ရှုမြင်ခြင်း ခံခဲ့ရပေမယ့်လည်း PTPက အဲဒီ အင်အားစုတွေနဲ့ ညှိနှိုင်းပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ခဲ့ခြင်းနဲ့အတူ ဆက်ဆံရေး တင်းမာမှုတွေကို ဖြေလျှော့နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကိုးကား: Reuters
