Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သက်ဆင် လွတ်မြောက်လာမယ်လို့ ထိုင်းဝန်ကြီးချုပ် အတည်ပြု

သက်ဆင်ဟာ ထိုင်းနိုင်ငံကို ဆယ်စုနှစ်နဲ့ချီ စွန့်ခွာသွားခဲ့တဲ့တိုင် ဩဇာ အကြီးမားဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေပြီး ခေတ်သစ် ထိုင်းနိုင်ငံ သမိုင်းမှာ သဘောထား ကွဲလွဲမှုတွေ အနက်ရှိုင်းဆုံး ပေါ်ပေါက်စေခဲ့တဲ့ ဝန်ကြီးချုပ် တစ်ဦးအနေနဲ့လည်း သတ်မှတ် ခံခဲ့ရပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သက်ဆင် လွတ်မြောက်လာမယ်လို့ ထိုင်းဝန်ကြီးချုပ် အတည်ပြု
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သက်ဆင် လွတ်မြောက်လာမယ်လို့ ထိုင်းဝန်ကြီးချုပ် အတည်ပြု

အကျဉ်းကျခံနေရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားပြီလို့ လက်ရှိ ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

သက်ဆင် ထူထောင်ခဲ့တဲ့ ဖျူထိုင်းပါတီ (PTP) ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရ အဖွဲ့ရဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဆရက်သာ သာဗီဆင်က သက်ဆင်ဟာ ၆ လကြာ အကျဉ်းချ ခံထားရပြီးတဲ့နောက် ပညာပေး ပြုပြင်ရေး စည်းမျဉ်းတွေနဲ့အညီ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိလာတာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်း ဖြုတ်ချမှုကို ခံခဲ့ရပြီးတဲ့နောက် အဂတိ လိုက်စားမှု၊ အာဏာ အလွဲသုံးစားမှုတို့လို စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ ပြည်ပမှာ ၁၅ နှစ်လောက် တိမ်းရှောင်နေခဲ့ရာက PTPက ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ဖို့ သေချာသွားချိန်နဲ့ တိုက်ဆိုင်ပြီး ဩဂုတ်လမှာ ထိုင်းနိုင်ငံဆီ ပြန်လာခဲ့ပါတယ်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ ဘန်ကောက်ကို ပြန်ရောက်ရောက်ချင်း စွဲချက်ဟောင်းတွေအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ် ခံခဲ့ရပေမယ့် ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ပြစ်ဒဏ် ၇ နှစ် လျှော့ပေါ့ပေးခံခဲ့ရပါတယ်။ လက်ကျန် ၁ နှစ်ထဲက ၆ လကိုလည်း အကျဉ်းခန်းထဲမှာ မဟုတ်ဘဲ ဆေးရုံမှာ ဖြတ်သန်းကုန်လွန်ပြီး အခုတော့ လွတ်ငြိမ်းချမ်းသာခွင့် ထပ်ရခဲ့တာ ဖြစ်ပါတယ်။

ဆရက်သာက သက်ဆင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ကြေညာချိန်မှာ ဝန်ကြီးချုပ်ဟောင်း ဘဝက နိုင်ငံအတွက် သက်ဆင် စွမ်းဆောင်ပေးခဲ့တာတွေကို အဓိက ဂုဏ်တင်ပြီး ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ သက်ဆင်ဟာ နိုင်ငံအတွက် ကောင်းကျိုး ချမ်းသာတွေ အများကြီး ယူဆောင်ပေးနိုင်ခဲ့ကြောင်း ဝန်ကြီးချုပ် ဘဝမှာ တာဝန်ကျေခဲ့ကြောင်း၊ ဒါပေမဲ့ အချုပ်အနှောင်က လွတ်လာရင်တော့ သာမန် အရပ်သား ဘဝနဲ့ပဲ ရှေ့ဆက် နေထိုင်သွားမှာ ဖြစ်ကြောင်းလည်း ဆရက်သာက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆရက်သာဟာ သက်ဆင်လိုပဲ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးဖြစ်ပြီး ရှီနာဝပ်ထရာ မိသားစုရဲ့ အယုံကြည်ရဆုံး မဟာမိတ် တစ်ဦးအဖြစ် လူသိများပါတယ်။ PTPဟာ ပြိုင်ဘက် ဖြစ်ခဲ့ဖူးတဲ့ ကွန်ဆာဗေးတစ်တွေ၊ စစ်တပ် မဟာမိတ် ပါတီတွေနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းချိန်မှာ သက်ဆင်ရဲ့ ပြည်တော်ပြန်ခရီး အဆင်ပြေ ချောမွေ့စေဖို့ ညှိနှိုင်းခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း ပါတီဖက်ကရော၊ သက်ဆင်ရဲ့ မိသားစုကပါ ငြင်းဆိုထားပါတယ်။

သက်ဆင်ဟာ ထိုင်းနိုင်ငံကို ဆယ်စုနှစ်နဲ့ချီ စွန့်ခွာသွားခဲ့တဲ့တိုင် ဩဇာ အကြီးမားဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေပြီး ခေတ်သစ် ထိုင်းနိုင်ငံ သမိုင်းမှာ သဘောထား ကွဲလွဲမှုတွေ အနက်ရှိုင်းဆုံး ပေါ်ပေါက်စေခဲ့တဲ့ ဝန်ကြီးချုပ် တစ်ဦးအနေနဲ့လည်း သတ်မှတ် ခံခဲ့ရပါတယ်။

ကိုးကား: Philenews