ဟားမားစ်တွေ အလစ်အငိုက် စီးနင်းတိုက်ခိုက်လာမယ့် ကိစ္စကို ကုန်သည်တွေနဲ့ စတော့ရှယ်ယာ ရောင်းဝယ်သူတချို့ ကြိုတင် သိရှိခဲ့တယ်လို့ အစ္စရေးက ယုံကြည်နေပါတယ်။
ပညာရပ်ဆိုင်ရာ ဆန်းစစ် လေ့လာမှု တစ်ခုကို နောက်ကြောင်းပြန် ပြုလုပ်ခဲ့တဲ့အခါ ဟားမားစ်တွေက အစ္စရေး မြို့ရွာတွေကို အလစ်အငိုက် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် မတိုင်ခင် စတော့စျေးကွက်ထဲမှာ အစ္စရေးနဲ့ ပတ်သက်လို့ short-selling လုပ်ဆောင်သူတွေ ရှိခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
အဲဒီ စကားလုံးဟာ နိုင်ငံတစ်ခု၊ ကုမ္ပဏီတစ်ခု၊ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခုနဲ့ ဆက်စပ်တဲ့ စတော့ရှယ်ယာစျေးတွေ ကျဆင်းနိုင်တာကို တွက်ဆမိလို့ ကြိုကြိုတင်တင် ထုတ်ရောင်းပြီး ငွေဖော်တာကို ဆိုလိုတာပါ။
တချို့သော ကုန်သည်တွေနဲ့ အရောင်းအဝယ် သမားတွေဟာ အစ္စရေးနဲ့ ပတ်သက်ပြီး သူတို့ ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေက ဝယ်ရင်းစျေးတောင် မရသေးဘဲ စျေးပေါပေါနဲ့ လက်လွှဲ ရောင်းချပြီး တခြားနေရာမှာ ရှာယာတွေ ပြန်ဝယ်ခဲ့တယ်လို့ အခု ဖြစ်စဉ်ကို ဖော်ထုတ်ခဲ့သူ နယူးယောက် တက္ကသိုလ်နဲ့ ကိုလံဘီယာ ဂျိုရှူအာမစ်တ် တက္ကသိုလ်ရဲ့ စီးပွားရေး သုတေသီ ရောဘတ် ဂျက်ဆန်က ပြောပါတယ်။
အရင်က အစ္စရေးမှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေနဲ့ ကိုဗစ်ကပ်ရောဂါ ဖိစီးချိန်လို အကျပ်အတည်း ကာလတွေ အတောအတွင်းမှာ ကြုံခဲ့တဲ့ short-sellingတွေထက်တောင် အခုတစ်ကြိမ် ဂါဇာမှာ စစ်ပွဲ မစခင် short-sellingတာတွေက ပိုများခဲ့တယ်လို့ သူက ဆိုပါတယ်။

Public Service Announcement
ဟားမားစ်တွေရဲ့ အလစ်အငိုက် တိုက်ခိုက်မှု မတိုင်ခင်လေးမှာတင် အစ္စရေးရဲ့ တဲလ်အဗစ်ဗ် စတော့ အရောင်းအဝယ် ဌာနမှာ ရှယ်ယာတွေ ရောင်းထုတ်မှုက သိသိသာသာ မြင့်တက်ခဲ့တယ်လို့ စာမျက်နှာ ၆၆ မျက်နှာ ပါရှိတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အစ္စရေး လုံခြုံရေး အာဏာပိုင်တွေက အခု သုတေသန တွေ့ရှိချက် အကြောင်းကို ကြားသိထားကြောင်း အတည်ပြုခဲ့ပြီး တကယ်ပဲ ရှယ်ယာ ရောင်းဝယ်သူတွေက ဟားမားစ်တွေ အလစ်ဝင်တိုက်မယ့် ကိစ္စကို ကြိုသိခဲ့သလား ဆိုတဲ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။
