ဖိလစ်ပိုင်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနဲ့ ဆက်စပ်ပြီး ဂျပန် ကမ်းရိုးတန်း တစ်နေရာမှာ ဆူနာမီ ရေလှိုင်းငယ်တွေ ရိုက်ခတ်လာခဲ့ကြောင်း သိရပါတယ်။
ရစ်ချ်တာစကေး ၇.၅ အဆင့် ငလျင်ကြီးဟာ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို ပြည်နယ်နားမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ဒေသတွင်းမှာရော၊ ဂျပန် အနောက်တောင်ပိုင်း ကမ်းခြေတွေမှာ အရေးပေါ် ရွှေ့ပြောင်းဖို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
အဲဒီနောက် ၄၀ စင်တီမီတာ (၁.၃ ပေ)လောက် အမြင့်ရှိတဲ့ လှိုင်းတွေဟာ တိုကျိုမြို့တော် တောင်ဖက် ၂၉၀ ကီလိုမီတာ အကွာက လှိုင်းတွေဟာ ဟာချီဂျိုဂျီမာကျွန်း ကမ်းရိုးတန်းကို ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ကနဦးမှာ ဂျပန် ငလျင်တိုင်းတာရေး အေဂျင်စီက ငလျင်ကြောင့် ဖြစ်ပေါ်လာမယ့် ဆူနာမီ ရေလှိုင်းတွေဟာ ၉၀ စင်တီမီတာ (၃ ပေ) အမြင့်လောက်ထိ ရောက်ရှိနိုင်ကြောင်း သတိပေး ထုတ်ပြန်ထားခဲ့ပါတယ်။
ဒီဇင်ဘာ ၂ ရက် ညနေပိုင်းမှာတော့ ဖိလစ်ပိုင်နဲ့ ဂျပန် အာဏာပိုင်တွေက ဆူနာမီရေလှိုင်း အန္တရာယ် သတိပေးချက်တွေကို အသီးသီး ပြန်လည် ရုပ်သိမ်းခဲ့ကြပါတယ်။

Public Service Announcement
ငလျင်ကြောင့် ဒေသတွင်းမှာ ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေရဲ့ အန္တရာယ်ကိုလည်း သတိပြုကြဖို့ ပညာရှင်တွေက နှိုးဆော်ထားပါတယ်။ ဒီဇင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ လှုပ်ခတ်တဲ့ နောက်ဆက်တွဲ ငလျင်ငယ် တစ်ခုဟာ ပြင်းအား ရစ်ချ်တာစကေး ၆.၄ အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။
ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင်ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုတွေနဲ့ မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။
