ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာကို စစ်ကောင်စီတပ်က အသံချဲ့စက်ဖွင့်၍အော်ဟစ်ဆဲဆို၍စိန်ခေါ်ကာအကြမ်းဖက်မီးရှို့နေသောကြောင့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များကပြောသည်။
မူးကမ်းကြီး ရွာကို ယနေ့(သြဂုတ် ၉ရက်)နေ့လည်မှစ၍ စစ်ကောင်စီတပ်ကဝင်ရောက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။
“ဘုန်းကြီးကျောင်းကို မီးရှို့ပြီး ကျောင်းက လူမှုရေးကားကိုယူသွားတယ်။ အဲ့ကားက အသံချဲ့စက်နဲ့ လိုက်အော်ပြီး မီးရှို့နေတာ။ မင်းတို့ရွာကို ရွာလုံးကျွတ်ရှို့မယ်ဆိုပြီးဆဲဆိုစိန်ခေါ်နေတယ်” ဟုဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် တောင်သူလယ်သမားအဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်က မီးရှို့မှုကြောင့် ယနေ့ တစ်နေ့တည်း နေအိမ် တစ်ထောင်ကျော် မီးလောင်သွားသည်ဟု ဒေသခံများကပြောသည်။ထို့အပြင် ဒေသခံ နှစ်ဆယ်ဦးထက်မနည်းကို ဓါးစာခံအနေဖြင့် ဖမ်းဆီးထားသည်ဟုလည်းဒေသခံအချို့ကပြောသည်။
“ကျွန်တော်တို့ အခု သစ်ပင်ကြို သစ်ပင်ကြားထဲမှာ နေနေရတာ။ တဲတောင်မထိုးနိုင်ဘူး” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့်ဒေသခံတစ်ဦးက ယနေ့(သြဂုတ်လ ၉ရက်)ညနေ ၆နာရီခန့်အခြေအနေကိုပြောသည်။
မူးကမ်းကြီးရွာမှ နေအိမ်များအား စစ်ကောင်စီတပ်ကမီးရှို့ရာတွင် တိုက်အိမ်များကို ယမ်းများသုံး၍ ဖောက်ခွဲခြင်း၊မီးစွဲလောင်အားကောင်းသည့် ဓာတုဆေးများဖြန်းခြင်းဖြင့်လည်းလောင်း၍ မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများကပြောသည်။
မူးကမ်းကြီးရွာသည်အိမ်ခြေလေးထောင်ကျော်နှင့် ဘုန်းကြီးကျောင်း ၁၅ ကျောင်းရှိသော ရွာကြီးဖြစ်သည်။ ဇူလိုင်လက တစ်ကြိမ် မီးရှို့ရာနေအိမ် ၁၇၈လုံးမီးလောင်ပျက်ဆီးခဲ့သည်။
“ဒီနေ့ တိုက်ပွဲမဖြစ်ဘဲ တမင်သက်သက် မီးလာရှို့တာ။ ခွေးလောက်တောင်အဆင့်မရှိတဲ့စစ်တပ်” ဟုဒေသခံတစ်ဦးက လည်းပြောသည်။
