စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် ယမန်နေ့ကစတင်ကာ တယ်လီနော (အက်တမ်) ဖုန်းလိုင်းများ မကြာခဏ ပြတ်တောက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (သြဂုတ်၈ရက်)မှစတင်ကာ အက်တမ်ဖုန်းလိုင်း ပြတ်တောက်မှု ဖြစ်ပေါ်နေခြင်းဖြစ်ပြီး MPTဖုန်းလိုင်းလည်း ရံဖန်ရံခါ အဝင်မရခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသတွင်း အရာတော်ပို့စ်က ဖော်ပြသည်။
အရာတော်နှင့်နယ်မြေချင်းဆက်နေသည့် ဒီပဲယင်းမြို့နယ်တွင်မူ အက်တမ် ဖုန်းလိုင်းအပါအဝင် ဖုန်းလိုင်းများလက်ရှိအချိန်ထိ ရနေဆဲဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အရာတော်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၀ကျော်သေဆုံးထားသည်။
အရာတော်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းရှိမြို့နယ်များသည် ယမန်နှစ် ၂၀၂၁ ခုနှစ် စက်တင်ဘာကတည်းက မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံ ထားရပြီး ရံဖန်ရံခါ ဖုန်းလိုင်းပြတ်တောက်မှုများပါ ရှိနေသည်။
