စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် စစ်ဘေးရှောင် သုံးသောင်းနီးပါးရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစ၍ ယနေ့အထိ ကျေးရွာပေါင်း ၂၀ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး အရာတော်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် ကျေးရွာ ငါးရွာထက်မနည်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။


မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက် ၂,၀၀၀ ကျော်ပြီဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ သုံးသောင်းနီးပါးရှိနေပြီဖြစ်ကြောင်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။
“ခုထိအိမ်မပြန်ရဲကြသေးဘူး။ ဖြစ်သလို နေထိုင် စားသောက်နေကြရတယ်။ အဓိကလိုတာက ငွေကြေးအကူအညီပေါ့။ ဘယ်အဖွဲ့အစည်းက လှူ၊လှူ ငွေကြေးလို အပ်တာတော့အမှန်ပဲ”ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၏ ထောက်ပို့တာဝန်ယူထားသူတစ်ဦးက ပြောသည်။

မင်းရွာကြီး၊ မလဲသာ၊ ကဲဘာရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး ခြင်းခံခဲ့ရပြီး အကူအညီများလိုအပ်နေကြောင်း ၎င်းက ပြောသည်။


အရာတော်မြို့နယ် မင်းရွာတွင် သြဂုတ်၄ရက်မှ ၆ရက်အထိ သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးတစ်ဦးအပါအဝင် ၃၈ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရ ရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ဘက်က စုစုပေါင်း ရဲဘော်ခြောက်ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း ဗမာ့စွမ်းရည်မြင့်တပ်တော်က အသိပေးထားသည်။
