ပအိုဝ်းဒေသ ဟိုပုံးမြို့နယ် နမ့်ဟူးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ မတ်လ ၁၂ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့၍ ရွာလုံးကျွတ် ပျက်စီးခဲ့ရဟုပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ထုတ်ပြန်သည်။
PNLA တပ်ဖွဲ့များ လှုပ်ရှားခြင်းပင်မရှိသည့် နမ့်ဟူးကျေးရွာကို စစ်ကောင်စီက မီးရှို့ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“ဟုတ်တယ် ဗျ။ အဲဒီ နမ့်ဟူးကျေးရွာက မယ်နယ်တောင်ခြေမှာရှိတဲ့ရွာ။ ကျနော်တို့လည်းမရှိဘူး။ ကျနော်တို့လှုပ်ရှားမှုတောင် မရောက်သေးဘူးပေါ့။ လက်ရှိ အခြေအနေမှာ ကျနော်တို့ လှုပ်ရှားမှု အဲဒီဘက်မရောက်ဘူး။ အဲဒါကို သူတို့က မီးရှို့ဖျက်ဆီးသွားတာ။ အဲဒါကို သူတို့ပဲ ဓာတ်ပုံပြန်ရိုက်ပြီး ဝါဒပြန်ဖြန့်နေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့တယ်ဆိုပြီးတော့ပေါ့။ ဒီလိုမျိုးကျေးရွာတွေကိုမီးရှို့တာ ဖျက်ဆီးတာဘယ်သူတွေပဲလုပ်တယ်ဆိုတာကတော့ တတိုင်းပြည်လုံးသိပါတယ်။” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ထို့အပြင်ပအိုဝ်းပြည်သူများ တော်လှန်ရေးကို အားပေးပါက ယခုကဲ့သို့ မီးရှို့ခံရမည်ဟု ပြည်သူကို ခြိမ်းခြောက်သည့် စစ်ကောင်စီ၏ လုပ်ရပ်ဟုမြင်ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရသည်ဟု PNLAက အသိပေးသည်။

Public Service Announcement
ထို့အပြင်တွင် မတ်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီသည် ဆိုက်ခေါင်စံပြကျေးရွာမှနေပြီး ဆီဆိုင်မြို့ထဲသို့ လက်နက်ကြီးများဖြင့် အကြိမ် ၈၀ ကျော် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နေအိမ်များ ၁၄ အိမ်ထက်မနည်း အများအပြား ထိခိုက်ပျက်စီးခဲ့ရဟုသိရသည်။
စစ်ကောင်စီတပ်က ၂၀၂၁ ဧပြီလမှစ၍ ခုခံတော်လှန်မှု အားကောင်းသောဒေသမှ နေအိမ်များကို မီးရှို့ဖျက်ဆီးနေရာ နေအိမ်ပေါင်း သောင်းပေါင်းများစွာကို မီး ရှို့ဖျက်ဆီးခဲ့ပြီး အများဆုံးမီးရှို့ဖျက်ဆီးခံရသော ဒေသသည် စစ်ကိုင်းတိုင်းဖြစ်သည်။
