ကရင်ပြည်နယ် မြ၀တီမြို့နယ်သင်္ဃန်းညီနောင်စစ်ကောင်စီအခြေစိုက် တပ်ရင်းသိမ်းပိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ၁၄၀ လက် ရရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုဌာနချုပ်က ယနေ့(မတ် ၁၃) ထုတ်ပြန်သည်။
KNLA တပ်မဟာ(၆) တပ်မဟာစစ်ကြောင်းဦးဆောင်သောပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်စကခ(၁၂)လက်အောက်ခံ ခမရ (၃၅၅)တပ်စခန်းအား မတ်လ ၇ရက် မနက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်း၌ စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှစစ်မော်တော်ယာဥ်ပေါင်း (၆)စီး၊RPG ၊ NATOစက်လတ်အပါအဝင် လက်နက်ငယ်မျိုးစုံပေါင်း (၁၂၇)လက် ၊ 60mm ၊ 81mm လက်နက်ကြီးစိန်ပြောင်းမျိုးစုံ(၁၃)လက် ရရှိခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။
ထို့ပြင် လက်နက်မျိုးစုံတို့၏ ခဲယမ်းကျည်များ ၊ ဆက်စပ်ပစ္စည်းများ နှင့်စစ်အသုံးအဆောင်ပစ္စည်းအမြောက်အများ သိမ်းဆည်းရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာသေဆုံးဒဏ်ရာရရှိခဲ့ကြောင်း KNLAက ထုတ်ပြန်သည်။
KNLA ပူးပေါင်းတပ်သည် မြ၀တီမြို့ကိုသိမ်းပိုက်ရန် ရည်ရွယ်ပြီးမတ်လ ၇ ရက်မှစ၍ထိုးစစ်ဆင်လျက်ရှိရာ သင်္ဃန်းညီနောင်ရှိခမရ( ၃၅၅) အား သိမ်းပိုက်ပြီးနောက် ကျန်တပ်ရင်းများ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိသည်။ စစ်ကောင်စီ ရဲစခန်းတစ်ခုနှင့် မြ၀တီမြို့နယ် ဖလူးစစ်စခန်းတို့ကိုလည်း KNLA ပူးပေါင်းတပ်က သိမ်းပိုက်ထားသည်။သို့သော် ရဲစခန်းနှင့် ဖလူးစစ်စခန်းသိမ်းပိုက်မှုတို့နှင့်ပတ်သပ်၍ သတင်းမထုတ်ပြန်သေးပေ။

Public Service Announcement
ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက KNU ပူးပေါင်းတပ်အနေဖြင့် ခမရ(၃၅၅) အပြင် ခမရ (၃၅၆)ကိုပါသိမ်းထားနိုင်ပြီဟု ပြောသည်။
သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။
“အဲဒီ ဗျူဟာကုန်းရရင် မြ၀တီကိုကျနော်တို့ထိန်းလို့ရပြီပေါ့။ သူတို့ စခန်းတွေကကပ်လျက်ပေါ့။ မနီးမဝေး။ဗျုဟာတော့ တော်တော်ဆော်ရမယ်” ဟု ကရင်သတင်းရင်းမြစ်က ပြောပြသည်။
မြ၀တီမြို့နယ် တိုက်ပွဲ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ ပေး တိုက်ခိုက်မှုများ ရှိခဲသည်။ မြ၀တီ တိုက်ပွဲ၌ စစ်ကောင်စီဘက်က နယ်ခြားစောင့်တပ် BGF တပ်များ ဝင်ကူခြင်းမရှိ၍ စစ်ကောင်စီတပ် ပိုအထိနာနေသည်ဟုလည်း ကရင်သတင်းရင်းမြစ်က ပြောပြသည်။
မြေပြင်တိုက်ပွဲများတွင် အထိနာနေသော စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများဖြင့် စခန်းများအားလုံးမကျရန် ကြိုးစားနေသည်။
