အာဏာသိမ်းမှု ၃ နှစ်ပြည့်တဲ့ ကာလမှာ မြန်မာစစ်တပ်အပေါ် ဩစတြေးလျ အစိုးရက ထပ်မံအရေးယူ ပိတ်ဆို့ဒဏ်ခတ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။
ဩစတြေးလျ သတ္တုတူးဖော်ရေး ကုမ္ပဏီ တချို့က မြန်မာနိုင်ငံမှာ လုပ်ငန်း ဆက်လက် လည်ပတ်နေပြီး အာဏာသိမ်း စစ်ကောင်စီအတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေ ရရှိအောင် ပံ့ပိုးနေကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်နေချိန်မှာပဲ ဩစတြေးလျ အစိုးရက စစ်တပ်နဲ့ အဆက်အနွှယ်ရှိတဲ့ ဘဏ်နှစ်ခုနဲ့ လုပ်ငန်း သုံးခုကို အရေးယူ ပိတ်ဆို့မှု စာရင်း သွင်းလိုက်တာ ဖြစ်ပါတယ်။
အခုလို အရေးယူ ပိတ်ဆို့မှုတွေဟာ အာဏာသိမ်း စစ်တပ်က ပြည်သူလူထုအပေါ် ကြမ်းကြုတ် ရက်စက်လှတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ကန့်သတ် လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဩစတြေးလျက ထုတ်ပြန်ပါတယ်။

ပိတ်ဆို့ အရေးယူမှုတွေ ကြုံခဲ့တဲ့ ဘဏ်နှစ်ခုကတော့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ ဖြစ်ပါတယ်။ အဲဒီ ဘဏ်နှစ်ခုရဲ့ ငွေကြေး လွှဲပြောင်းမှုနဲ့ စီမံခန့်ခွဲမှု ကဏ္ဍတွေကို ပစ်မှတ်ထားပြီး ဩစတြေးလျက ပိတ်ဆို့ အရေးယူသွားမှာ ဖြစ်ပါတယ်။
မြန်မာ စစ်တပ်အတွက် လေယာဉ်ဆီတွေ ဝယ်ယူနိုင်အောင် ကူညီပေးနေတဲ့ Asia Sun Group, Asia Sun Trading Co Ltdနဲ့ Cargo Link Petroleum Logistics Co Ltdတို့ဟာလည်း စီးပွားရေး ပိတ်ဆို့မှု စာရင်းမှာ ပါဝင်လာမယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့၊ ဩစတြေးလျ အစိုးရရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

Public Service Announcement
ဒါဟာ အာဏာသိမ်းစစ်ကောင်စီ ကို သြစတြေးလျအစိုးရက သုံးနှစ်အတွင်းဒုတိယအကြိမ်ဒဏ်ခတ်အရေးယူတာဖြစ်ပါတယ် ။၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှာလည်း အာဏာသိမ်းခေါင်းဆောင်အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင် ၁၆ ဦး နဲ့ စစ်တပ်ပိုင် လုပ်ငန်း ၂ ခုကို ပထမဆုံးအရေးယူခဲ့တာကြောင့် အခုအရေးယူတာက ဒုတိယအကြိမ်ဖြစ်ပါတယ်
စစ်တပ်ဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အပါအဝင် နိုင်ငံတကာက ပဋိပက္ခတွေ ပြေငြိမ်းရေး အားထုတ်မှုတွေကို ဖီဆန်ပြီး ကြမ်းကြုတ် ရက်စက်မှုတွေ အစဉ်တစိုက် ဆက်လက် ကျူးလွန်နေတဲ့အပေါ် အလေးအနက် စိုးရိမ်တယ်လို့လည်း ဩစတြေးလျက ဆိုပါတယ်။ နောက်ပြီး မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ နောက်ဆက်တွဲ ဖြစ်ပျက် ပြောင်းလဲမှုတွေကိုလည်း အလေးအနက် စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။
ထုတ်ပြန်ချက်မှာတော့ ဩစတြေးလျ အစိုးရက မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်က လက်တွေ့ အကောင်အထည် ဖော်ဖို့၊ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။
အစောပိုင်းမှာ အမေရိကန် ပြည်ထောင်စုကလည်း စစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းနှစ်ခုနဲ့ လူပုဂ္ဂိုလ် တချို့အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ သတ်မှတ် ကြေညာခဲ့ပါတယ်။
(အမှားပြင်ဆင်ချက် -ကနဦးသတင်းဖော်ပြမှုမှာ သြစတြေးလျက ၃ နှစ်အတွင်း ပထမဆုံးအကြိမ် အရေးယူဒဏ်ခတ်တာလို့ မှားယွင်းဖော်ပြခဲ့ပါတယ် ။ အမှန်မှာ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှာလည်း အာဏာသိမ်းခေါင်းဆောင်အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင် ၁၆ ဦး နဲ့ စစ်တပ်ပိုင် လုပ်ငန်း ၂ ခုကို ပထမဆုံးအရေးယူခဲ့တာကြောင့် အခုအကြိမ်အရေးယူတာက ဒုတိယအကြိမ်ဖြစ်ပါတယ်။ မှားယွင်းဖော်ပြမိခဲ့တဲ့အတွက်စာဖတ်သူတွေကိုတောင်းပန်ပါတယ်)
ကိုးကား: Australian Ministry for Foreign Affairs
