ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တပ်စခန်းများမှ ထွက်ပြေးလာသော ဗိုလ်ကြီး တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်၁၅ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – Daai က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ တပ်မ(၁၁)လက်အောက်ခံ ခမရ(၂၁၇၊) ခမရ (၃၇၆)၊ ခမရ (၅၃၈)၊ ခမရ (၂၂၀)၊ ခမရ (၂၁၉)၊ ခမရ (၃၈) ၊ ခမရ (၅၈၇)နှင့် ခမရ (၉၀၈) တို့မှ ထွက်ပြေးလာ ဗိုလ်ကြီးတစ်ဦး၊ နှစ်ပွင့် ဗိုလ်အဆင့်တစ်ဦးနှင့် ထောက်လှမ်းရေးအရာရှိတစ်ဦးအပါအဝင် စုစုပေါင်း ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် ဖမ်းမိခြင်းဟု ယနေ့(ဖေဖော်ဝါရီ ၁ရက်)က ထုတ်ပြန်သည်။
“ဒဏ်ရာရတွေလည်းပါတယ်။ ဆေးကုပေးထားတယ်လို့ သိရတယ်။ သူတို့က အလင်းဝင်တွေမဟုတ်ဘူး။ ဖမ်းမိတာတွေပါ”ဟု ချင်းကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇန်နဝါရီက ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ၌ ထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။
ယခု ဖမ်းမိသူများတွင် ပြင်းထန်ဒဏ်ရာသုံးဦးနှင့် သာမာန်ဒဏ်ရာနှစ်ဦးပါရှိပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်းနှင့် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေ Geneva Convention နှင့်အညီ ဆက်လက်ဆောင်ရွက်နေလျှက်ရှိကြောင်း CDF-Daaiက ထုတ်ပြန်ထားသည်။

Public Service Announcement
ဒေသတွင်း၌ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် CDF – Daai ထိန်းချုပ်ဒေသများ၌ ရေကြောင်းဖြင့်သွားလာခြင်းနှင့် ကုန်စည် ရောင်းဝယ်မှုများကို ဖေဖော်ဝါရီ ၄ရက်အထိ မပြုလုပ်ရန်လည်း ယနေ့ ထုတ်ပြန်သတိပေးထားသည်။
