▪︎ကျောက်ဖြူရှိ ဓညဝတီရေတပ်ဌာနချုပ်စခန်း ကိုAA ဒုတိယအကြိမ်တိုက်ခိုက်
▪︎ရခိုင်လေးမြို့နယ်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပြီး စစ်ရှိန်မြင့်နေ၊ ထီးချိုင့်ကို KIA၊ AAနှင့် PDFများ ပူးပေါင်းထိုးစစ်ဆင်
စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီမှုများကို ကျိုးပျက်စေလိုသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ရန်စမှုများကို ပြုလုပ်နေသော်လည်း ညီနောင်မဟာမိတ်တပ်များ အနေဖြင့် သည်းခံနေ၍သာ တိုက်ပွဲများ ကျယ်ပြန့်မသွားခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ယမန်နေ့ညတွင် ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး (၈၈) ရက်မြောက်နေ့ ဇန်နဝါရီ ၂၂ ရက် တိုက်ပွဲသတင်းများ ထုတ်ပြန်ရာတွင်ဖော်ပြထားခြင်းဖြစ်သည်။ ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှု၌ တရုတ်နိုင်ငံ ကူမင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာ ဇန်နဝါရီ ၁၁ရက်တွင် အပစ်ရပ်စဲရေး ပြုလုပ်ကာ ဟိုင်ဂင်သဘောတူညီမှုများ ရရှိခဲ့သည်။
ဇန်နဝါရီ ၂၂ ရက်တွင် ရက္ခိုင်ဒေသတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း၊ ရှမ်းမြောက်ဒေသ၌မူ ညီနောင်မဟာမိတ်တပ်များဘက်က စတင်ထိုးစစ်ဆင်ခြင်းများ မရှိခဲ့သော်လည်း စစ်ကောင်စီသည် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းများအပြင် မြေပြင်မှလည်း အလစ်အငိုက်ထိုးစစ်များကိုပါ ပြုလုပ်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများ တအာင်းဒေသ၌ ဖြစ်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၉) မိုင်နှင့် လွယ်ဆာကုန်ကျေးရွာအနီးတစ်ဝိုက်သို့ ဂျက်ဖိုက်တာဖြင့် (၁) ကြိမ်နှင့် ATR-42 လေယာဉ်ဖြင့် (၁) ကြိမ် လာရောက်၍ ဗုံး (၁၀) လုံးတိတိ ပစ်ချတိုက်ခိုက်ခဲ့သိရသည်။ဇန်နဝါရီ ၂၁ရက်ကလည်း TNLA ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၈) မိုင်သို့ စစ်ကောင်စီဖက်မှ “ဟိုင်ဂင်သဘောတူညီမှု” ကို ချိုးဖောက်၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက် (၄) လက်အား သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။ စစ်ကောင်စီအနေဖြင့် အပစ်ရပ်စဲရေးကို အကြိမ်ကြိမ်ချိုးဖောက်နေကြောင်း TNLAက ဆိုသည်။
ရခိုင်ပြည်နယ်၌လည်း စစ်ကောင်စီ၏ ထပ်မံဖြည့်တင်းလာသည့် စစ်အင်အားများနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသကဲ့သို့ ရက္ခိုင့်တပ်တော်၏ မဟာဗျူဟာကျစစ်ရေးလှုပ်ရှားရာ စစ်ကိုင်းတိုင်းတွင်လည်း တိုက်ပွဲများ ရှိနေခဲ့သည်ဟု အသိပေးသည်။
ရက္ခိုင်ပြည်နယ် ပေါက်တော၊ မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်းသိရသည်။
ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ “ဓညဝတီရေတပ်ဌာနချုပ်စခန်း” အား ရက္ခိုင့်တပ်တော် (AA) က ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။ ဓညဝတီရေတပ်ကို AA ကရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံများကြားရကြောင်းဒေသခံအချို့ကပြောသည်။ အဆိုပါတိုက်ခိုက်မှုတွင် ထိခိုက်ကျဆုံးအရေအတွက်များနှင့် အပျက်အစီးများကို လောလောဆည် မသိရသေးဟုဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ ရေတပ်၏ အဓိကဌာနချုပ်ဖြစ်သော ဓညဝတီရေတပ်ဌာနချုပ်ကို ဇန်နဝါရီ လဆန်း ၈ ရက်ကလည်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီတပ်က ပေါက်တောမြို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူပင် မင်းပြားသို့ ရေကြောင်းမှ အင်အားဖြည့်တင်းလာသည့် ရန်သူ့နေဗီသင်္ဘောများမှလည်း မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများအား လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း ဖော်ပြသည်။
၂၀၂၀ ခုနှစ်တွင် AA ရည်မှန်းချက်မပြည့်ခဲ့သော်လည်း ၂၀၂၄ တွင် AA ရည်မှန်းချက်ပြည့်မည်လားဆိုသည်ကိုစောင့်ကြည့်ရမည်ဖြစ်ပြီး ဒေသခံပြည်သူများက တော်လှန်ရေးကို မြန်မြန်အောင်စေလိုကြောင်း ဒေသခံအချို့ကပြောသည်။တိုက်ပွဲများကြောင့် ဒုက္ခရောက်သော်လည်း တစ်နေရာတည်းမဟုတ်ဘဲ နိုင်ငံတစ်ဝန်း အတူတူပင်ဖြစ်၍ တိုက်ပွဲထက် စစ်ကောင်စီ၏ ဆေးဝါးမှ အစ စားနပ်ရိက္ခာအဆုံးရိက္ခာဖြတ်တောက်မှုမှာ ပြည်သူများကို ပိုမို ဒုက္ခရောက်စေကြောင်းဒေသခံအချို့ကပြောသည်။
ရက္ခိုင့်တပ်တော် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် ဒေသခံပူးပေါင်းတပ်များ၏ ဟန်ချက်ညီထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ရှိ မိုးမိတ်မြို့နှင့် ထိစပ်နေသည့်”မဘိမ်းမြို့”တွင်ဖော်ဆောင်နိုင်ခဲ့သည်ဟုလည်း မဘိမ်းမြို့သိမ်းတိုက်ပွဲကို ဖော်ပြထားသည်။
မဘိမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား ပူးပေါင်းအဖွဲ့မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး မဘိမ်းမြို့အား ဇန်နဝါရီလ (၂၁) ရက်နေ့မှစတင်၍ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
အလားတူပင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၌လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော်တို့ သည် ထီးချိုင့်ပတ်ဝန်းကျင်ရှိ ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးတွဲစစ်ဆင်ရေးကို အတူတကွစုပေါင်းပြီး ဟန်ချက်ညီ ထိုးစစ်အား ဆင်နွှဲလျက်ရှိနေသည်ဟု အသိပေးသည်။
(ဓညဝတီရေတပ်ဌာနချုပ်ကို Google Map တွင်တွေ့ရမှု/ကျောက်တော်ရှိ စစ်တပ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သောလက်နက်ခဲယမ်းများနှင့် AA တပ်ဖွဲဝင်များ။ဓါတ်ပုံ-AA)
