တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ နန်းတောင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန်နဝါရီ ၂၀ ရက် ညနေ ၃နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် ဂိတ်စခန်းချထားသော စစ်ကောင်စီတပ်၏ နန်တောင်စစ်ဆေးရေးဂိတ်ကို KNDO၊ PRDF၊ PPDF၊ ပုလောစစ်ကြောင်း (၁) ဗိုလ် မိုးကြိုးအဖွဲ့တို့ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“KNDO ဦးဆောင်ပြီး PRDF၊ PPDF၊ ပုလောစစ်ကြောင်း(၁)၊ ဗိုလ်မိုးကြိုးအဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ပါတယ်။ ၆၀ မမ ဗုံးသီး ငါးလုံးနဲ့ ဒရုန်း ဗုံးသီးလေးလုံး ဖြင့် တိုက်ခိုက်ခဲ့ပါတယ်”ဟု ပုလောဒေသကာကွယ်ရေးတပ် (PRDF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် ပစ်မှတ်ထိရောက်မှုရှိပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း ထိခိုက်သေဆုံးမှုအခြေအနေအား အတိအကျ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
KNDO နှင့် PDF ပူးပေါင်းတပ်များသွား ရောက်တိုက်ခိုက်ခဲ့သည့် နန်းတောင်စစ်ဆေးရေးဂိတ်စခန်းသည် ပုလောနယ်၊ မကျည်းကုန်းရွာအခြေစိုက် စစ်ကောင်စီလက်အောက် ခလရ (၂၈၅)တပ်နှင့် အနီးဆုံးတွင်ရှိသည့် ဂိတ်စခန်းတစ်ခုလည်း ဖြစ်သည်။

Public Service Announcement
