ကိုးကန့်ဒေသ စစ်ပွဲအတွင်း ပိတ်မိနေသည့် အလုပ်သမား ၂၂ ဦးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့သည်။
နိုဝင်ဘာလ ၂၁ ရက်နေ့က ကိုးကန့်ခရိုင်၊ မင်ကျူအုပ်စု၊ ရှင်ကိုင်ရွာရှိ နေအိမ်တစ်အိမ်တွင် ဗမာလူမျိုး အလုပ်သမား ၂၂ ဦးအား MNDAက နယ်မြေရှင်းလင်းချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၎င်းတို့အား အထောက်အထားစိစစ်ပြီးနောက် MNDAAက ဘေးကင်းလုံခြုံသည့်နေရာသို့ ထပ်မံပို့ဆောင်ခဲ့ကြောင်း MNDAA ကထုတ်ပြန်သည်။
အဆိုပါ(၂၂)ဦးသည် လောက်ကိုင်ဒေသတွင် ကြံခုတ်ခြင်းနှင့် ပြောင်းဖူးရိတ်သိမ်းခြင်းလယ်ယာလုပ်ငန်းများကို ကာလအတန်ကြာ လုပ်ကိုင်လာကြသူများဖြစ်သည်။ တိုက်ပွဲဖြစ်ပွားချိန် ရှင်ကိုင်ရွာရှိ ၎င်းတို့သူဌေးအိမ်ပေါ်တွင် တိမ်းရှောင်မှီခိုခဲ့ကြောင်း သိရသည်။

(၁၀၂၇)စစ်ဆင်ရေးအတွင်း ပိတ်မိသည့်ပြည်သူများရှိပြီး စစ်ရေးကော်မတီ၏ တောင်းဆိုမှုအတိုင်း စစ်ပွဲအခြေအနေပေါ်မှုတည်၍ ပိတ်မိခံရသောဒုက္ခသည်များကို MNDAAက လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့သည်ဟု MNDAAက အသိပေးထားသည်။

Public Service Announcement
ထိုအပြင် MNDAAသည် နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ဒုက္ခသည်နှင့် အလင်းဝင်လာသူစုစုပေါင်း၂၈၉ဦးကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
လောက်ကိုင်မြို့မှ ပြည်ပနိုင်ငံသားများနှင့် ပြည်သူများမှာဘေးလွတ်မည်ထင်ရာထွက်သွားခြင်း ၊ပြည်ပမှလာရောက်အလုပ်လုပ်သူများကို သက်ဆိုင်ရာနိုင်ငံအစီအစဥ်ဖြင့် ခေါ်ထုတ်သွားခြင်းများရှိသော်လည်း ပြည်တွင်းမှ သွားရောက်လုပ်ကိုင်ပြီးလမ်းများပိတ်ထား၍ ပိတ်မိနေသူများကျန်ရှိနေဆဲဖြစ်သည်။
မြို့ပေါ်ရှိ အလုပ်များရပ်နားသွားပြီး လမ်းများပိတ်ဆိုနေသဖြင့် ကုန်ဈေးနှုန်းကြီးလွန်းသောကြောင့်အခြားဒေသမှ သွားရောက်လုပ်ကိုင်ပြီးပိတ်မိနေသူများမှာအခက်အခဲများစွာကြုံနေသဖြင့် ရက်အနည်းငယ်ဖြစ်စေလမ်းများဖွင့်ပေးစေလိုကြောင်း အလုပ်သွားရောက်လုပ်ကိုင်သောပြည်သူအချို့ကပြောသည်။
“ပြန်ဖို့အတွက် ရက်အတိအကျလေး ၊ငါးရက်လောက်ပြည်သူတွေကိုတရားဝင်ပြန်ခွင့်လေးပေးစေချင်ပါတယ် ။ပြည်သူတွေက ဆက်နေလို့အဆင်မပြေလို့ပြန်ရင် စစ်တပ်ဘက်ကဗုံးကြဲတာတို့ သေနတ်နဲ့ပစ်တာတို့လုပ်ပါတယ်ရှင့်”ဟုလောက်ကိုင်မြို့သို့အလုပ်သွားရောက်လုပ်ကိုင်ပြီး ပိတ်မိနေသောပြည်သူတစ်ဦးကပြောသည်။
ကိုးကန့်ဒေသအပါအဝင် ရှမ်းမြောက်တိုက်ပွဲများ၌ အထိနာနေသည့် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားသည့် လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိရာ စစ်ဆင်ရေး တစ်လနီးပါးအတွင်း အရပ်သား ၅၀ကျော်သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ထားသည်။
