စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ရေချိုးနေသော အမျိုးသမီးတစ်ဦးအား ထိမှန် သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
သြဂုတ် ၂၁ ရက် နံနက် ၁၁နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ကျေးရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်များသည် မူးမြစ်အနောက်ဘက် မြင်းမူမြို့နယ် မူးမန္တလေးကျေးရွာဘက်သို့ လက်နက်ကြီး သုံးလုံး အကြောင်းမဲ့ပစ်ခတ်ခဲ့သည်။
ပစ်ခတ်မှုကြောင့် မူးမန္တလေးရွာမြောက်ပိုင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရေချိုးနေသော အသက်(၂၁)နှစ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးအား ထိမှန်ခဲ့ကြောင်း၊ အမျိုးသမီးငယ်မှာ ခြေထောက်နှစ်ဖက်လုံးပြတ်သွားပြီး ခါးပေါက်ဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
“(၆၀) မမနဲ့ပစ်တာ။ ခြေနှစ်ဖက်လုံး ပြတ်သွားပြီး သေဆုံးတယ်။”ဟု စစ်ကိုင်းနယ်အခြေစိုက် စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။
စစ်တပ်၏ စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် စစ်ကိုင်းနှင့် မြင်းမူမြို့နယ်စပ်ရှိ ကျေးရွာအများအပြားမှာ မိုးထဲရေထဲထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
မူးမန္တလေးကျေးရွာကို စစ်ကောင်စီတပ်က ယမန်နှစ် ဇူလိုင်အတွင်းကလည်း လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ပြီး ပြည်သူများအား သတ်ဖြတ်ခြင်း၊ ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သေးသည်။
