ကချင်ပြည်နယ် မိုးကောင်းမြို့တွင် စစ်ကောင်စီတပ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး သေနတ်နှစ်လက်ပါရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
“မိုးကောင်းအထက်တန်းကျောင်းရှေ့မှာ ကားရပ်ထားတာ။လက်နက်အပြည့်အစုံနဲ့ နှစ်ယောက်ရှိနေတာ။ အနီးကပ်ပစ်ပြီး သေနတ်တွေပါ သိမ်းယူခဲ့တယ်”ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်သည် မိုးကောင်းမြို့အထက်တန်းကျောင်းရှေ့၌ ဩဂုတ် ၁၉ရက် ညနေက ဖြစ်ခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးက ဆိုင်ကယ်ဖြင့်လာပစ်ခတ်သွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း မိုးကောင်းမြို့ထွေအုပ်ရုံးမှ ဝန်ထမ်းတစ်ဦးက အတည်ပြုသည်။
“လူလည်းသေတယ်။ လက်နက်လည်း ပါသွားတယ်။ ရဲတွေရော စစ်တပ်ရော အငိုက်မိသွားတာနေမယ်”ဟု ၎င်းက ပြောသည်။
ပစ်ခတ်မှုနောက်ပိုင်း ဖြစ်စဉ်နှင့် မဆိုင်သည့်ဒေသခံလူငယ် လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်းသတင်းရရှိသည်။
