Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUနယ်မြေများ၌ စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများသုံး ပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်မှုဆက်ရှိနေ

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင်လည်း စစ်ကောင်စီတပ်က ပြောင်းစိုက်တောင်သူ အမျိုးသမီး နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်၍ ဒဏ်ရာရခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်၍ အရပ်သား​ နေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် ပစ်ခတ်၍ အရပ်သား​ နေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

▪️KNDO ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် အရာရှိအပါအဝင် စစ်ကောင်စီတပ်မှ သေဆုံးမှုရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများအတွင်းရှိ အရပ်သားများကို ပစ်မှတ် ထားပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်း ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများ သေဆုံးထိခိုက်မှု ဆက်ရှိနေကြောင်း KNU ဗဟိုက အသိပေးထုတ်ပြန်ထားသည်။

KNU ညောင်လေးပင်ခရိုင်တပ်မဟာ(၃)နယ်မြေ၌ ဩဂုတ် ၁၉ရက်တွင် စစ်ကောင်စီတပ်က တောကျွဲအင်းမှနေ၍ သစ်ဖြူဆိတ်ကျေးရွာသို့ ဒရုန်းဖြင့် လာရောက်ဗုံးသီးကြဲချခဲ့ရာ အရပ်သားပြည်သူနေအိမ်အချို့ ပျက်စီးမှု ရှိခဲ့ကြောင်း၊ ထို့ပြင် လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် ဒေသတွင်းရှိ ကျေးရွာ၁၁ရွာမှ ဒေသခံပြည်သူများသည် ဩဂုတ် ၂၀ရက်တွင် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းသို့ စစ်ဘေးရှောင်ခဲ့ကြရသည်ဟု ဖော်ပြသည်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင်လည်း စစ်ကောင်စီတပ်က ပြောင်းစိုက်တောင်သူ အမျိုးသမီး နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်၍ ဒဏ်ရာရခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီတပ်က ခေါ်ယူစဉ်ကြောက်လန့်ထွက်ပြေးသည်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် KNU ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်း စာသင်ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) ပူးပေါင်းတပ်ဖွဲမှ ဒရုန်းဖြင့် သွားရောက် တိုက်ခိုက်ခဲံရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အောင်ကောင်းမာန် ထိမှန်သေဆုံးဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

သေဆုံးခဲ့သည့် ဗိုလ်ကြီးနေရာတွင် နောက်ထပ် ဗိုလ်ကြီးကောင်းမြတ်စံဆိုသူကို ဩဂုတ် ၁၉ရက် တွင် အစားထိုး တာဝန်ပေးခဲ့သည်ဟု ဆိုသည်။

အထိနာသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျုံဒိုးမြို့နယ် တောင်တလာကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး နောင်တလာကျေးရွာနေ ဒေါ်မူးထွန့်လှိုင်၏ အိမ်မွေးနွား လေးကောင် ထိမှန် ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

KNDO ပူးပေါင်းတပ်သည် ဩဂုတ် ၁၉ရက်တွင်လည်း ကျုံဒိုးမြို့နယ် ၊ တောင်ကြာအင်းတံတားထိပ် လမ်းအားလာရောက် လမ်းပိတ်တူးဆွ နေသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင်နှစ်ဦး သေဆုံးပြီးခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ထိုသို့ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြည်သူ များ နေထိုင်ရာ ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်၍ အသက်(၅၀) အရွယ်အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး နေအိမ်အဆောက်အဦးအချို့ ပျက်စီးမှု ရှိခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၁၉ရက်က ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ရှိ အရပ်သား ပြည်သူ ၅ဦးအား အကြောင်းမဲ့ဖမ်းဆီးပြီး ခမရ(၅၉၉) တပ်ရင်းသို့ ပို့ဆောင်ခဲ့သည်ဟု ထုတ်ပြန်သည်။

၎င်းတို့အား မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို မသိရသည့်အပြင် ယခုအချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း KNUက အသိပေးသည်။

ပြီးခဲ့သည့် ဇူလိုင် ၉ရက်တွင်လည်း လယ်ဒို(ကျောက်ကြီး)မြို့နယ်ရှိ ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့သို့ စားနပ်ရိက္ခာသွားရောက် ဝယ်ယူသော ဒေသခံ ၂၀ဦးကို ဖမ်းဆီးခဲ့သည့်အနက် နှစ်ဦးကိုသာ ပြန်လွတ်ပေးပြီး ကျန် ၁၈ဦးကို အကြောင်းအမျိုးမျိုးပြပြီး (၆)လစီထောင်ချခဲ့သည်ဟု KNU က ထုတ်ပြန်သည်။