ကရင်နီ(ကယား)ပြည်နယ်တွင် သြဂုတ် ဒုတိယပါတ်ကဖြစ်ပွားသောတိုက်ပွဲများတွင် ကလောမြို့နယ်အခြေစိုက်စစ်ကောင်စီတပ်၏ တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများသေဆုံးထိခိုက်မှုများကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
ဒီးမော့ဆိုမြို့နယ် ၊ငွေတောင်ရွာသစ်အနီးသြဂုတ် ၁၀ရက်ကဖြစ်ပွားခဲ့သော တိုက်ပွဲတွငိ ကလောမြို့အခြေစိုက် တပ်မ ၅၅ လက်အောက်ရှိ ခလရ-၃ (ခြေလျင်တပ်ရင်း -၃) အရာရှိ ၂ ဦးအပါအဝင် စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်များနှင့် ကျည်၊ခဲယမ်းများစွာကို ကရင်နီပူးပေါင်းတပ်များကသိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတပ်ပေါင်စုထံမှသိရသည်။

KNDFဒုတိယစစ်ဦးစီးချုပ်( ၂) မာဝီက ၎င်း၏ဖေစ်ဘွခ်စာမျက်နှာတွင် သြဂုတ် ၁၀ ရက်တိုက်ပွဲနှင့် ပတ်သပ်၍ “တပ်မ၅၅ လက်အောက်ခံ ခလရ-၃ ကလော တပ်တွင်းအမျှဝေသံတွေ ဆူညံကြရတော့မယ်။ကရင်နီကိုလာတာကိုး”ဟုရေးသားခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်းပါဝင်ခဲ့သော ဗိုလ်လင်းယုန်ကလည်း “တပ်မ(၆၆) အကုန်ပျောက်၊တပ်မ (၅၅)အကျများ”ဟုပြောသည်။
စစ်တပ်ထောက်ခံသူများ၏ တယ်လီဂရန်ချန်နယ်ဂရုများတွင်လည်း သြဂုတ်၁၀ ရက်က ငွေတောင်ရွာသစ်အနီးဖြစ်ပွားသောတိုက်ပွဲတွင်သေဆုံးသွားသော ခလရ (၃)မှ အရာရှိ ၂ ဦး ၊ တပ်သား ၂၄ ဦးတို့သေဆုံးသွားသဖြင့် သေဆုံးစစ်သားများနာရေးအတွက် ကူညီထောက်ပံ့ငွေပေးကြရန် ရေးသားထားသည်ကိုလည်းတွေ့ရသည်။

သြဂုတ် ၁၀ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှသေဆုံးသူမည်မျှရှိကြောင်း People’s Spring ကသီးခြားအတည်မပြုနိူင်သော်လည်း ကရင်နီပူးပေါင်းတပ်များက လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများစွာရရှိကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များထံမှ သတင်းဓါတ်ပုံများအရသိရသည်။
ကရင်နီပြည်နယ်သို့စစ်ကူသွားသော ကလောအခြေစိုက် တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများသေဆုံးထိခိုက်မှုများနေသဖြင့် ၎င်းတပ်ရင်းများအတွင်း ကြီးမားစွာဂယက်ရိုက်ခတ်နေကြောင်း ကလောဒေသခံတချို့ကလည်းပြောသည်။
ထိုအပြင် သြဂုတ် ၁၂ ရက် ညနေပိုင်းတွင်လည်း ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာအနီး၌ စစ်ကောင်စီတပ်စွဲထားသောနေရာကို ကရင်နီပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ပြီး တစ်နာရီခန့်ကြာတိုက်ပွဲ ဖြစ်ပွား ခဲ့ရာ စစ်ကောင်စီတပ်၏ တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများအထိနာပြီး လက်နက်ခဲယမ်းများထပ်မံဆုံးရှူံးခဲ့ကြောင်းသိရသည်။

“ဒီးမော့ဆို-ဖရူဆို လမ်းပိုင်း နဲ့ ဆက်စပ် တဲ့တိုက်ပွဲလို့ ပြောလို့ရတယ်။မနေ့က(သြဂုတ် ၁၂ရက်) ညနေ ၆ နာရီလောက်က ဖြစ်တာ။သူတို့တပ်စွဲတဲ့နေရာကို ဝင်တိုက် တာ။လေယာဥ်ပစ်ကူလာလို့ စကစ ဘက်က သေတဲ့သူအသေးစိတ်တော့ မသိရပေမယ့် လက်နက်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေရခဲ့တယ်”ဟု ကရင်နီပူး ပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူက People’s Spring သို့ သြဂုတ် ၁၂ ရက်တိုက်ပွဲနှင့်ပတ်သပ်၍ပြောသည်။
“ကလောမှာဒီနေ့အတွက်တပ်တွင်းအမျှဝေသံတွေထပ်ဆူညံရမဲ့တပ်ရင်းကတော့ တပ်မ၅၅လက်အောက်ခံ ခမရ(ခြေမြန်တပ်ရင်း )-၁၁၂ ပဲဖြစ်ပါတယ်ခင်ဗျား။ထူးခြားချက်ကတော့ အရင်သမ္မတနဲ့ ကာချုပ်တို့ချီးမြှင့်ထားတဲ့ စစ်မှု့ထမ်းကောင်းဆုရထားသူတွေကိုတွေ့ရပါတယ်”ဟု KNDF ဒုတိယစစ်ဦးစီးချုပ်ကလည်း ထိုနေ့တိုက်ပွဲအပြီးဖေစ်ဘွခ်တွင်ရေးသားထားသည်။


သြဂုတ် ၁၀ ရက်နှင့် ၁၂ ရက်တို့တွင် ဖြစ်ပွားသောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ထံမှ လက်နက်၊ခဲယမ်းများ၊စစ်အသုံးအဆောင်ပစ္စည်းများ နှင့်ခြင်းကြားများကို ဖိုးဝီးကား ၂ စီးကျော်စာ သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ထို့အပြင် သြဂုတ်ပထမပါတ်တွင် ဖားဆောင်းမြို့နယ် ၊ကျောက်စုကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်းသေဆုံးကြောင်းလည်း ဖားဆောင်း PDFတာဝန်ရှိသူက People’s Spring သို့ ပြောထားသည်။
ဖားဆောင်းမှတဆင့် မယ်စဲ့မြို့ဘက်သို့စစ်ကူဝင်လာသော စစ်ကောင်စီတပ်များမှာလည်း တပ်မ (၅၅) လက်အောက်ခံ ခမရ(၅၀၈)နှင့် (၅၁၂)တပ်များပါဝင်ကြောင်း ၎င်းကဆက်ပြောသည်။
ကရင်နီ တိုက်ပွဲများတွင် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းများမှ ဒုတိယတပ်ရင်းမှူး အပါအဝင် အရာရှိ သုံးဦးသေဆုံးခဲ့ပြီး ပစ္စတို ၃ လက်ရရှိထားကြောင်း ကရင်နီတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။




စစ်ကောင်စီတပ်သည် ကရင်နီတပ်ပေါင်းစုကသိမ်းပိုက်ထားသော မယ်စဲ့မြို့နယ်ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ရေး စစ်ကူများပို့ရန်နှင့်ပြည်နယ်တွင်းရှိ အဓိကလမ်းမကြီး များကိုထိန်းချုပ်နိုင်ရန် ဒီးမော့ဆို-ဖရူဆိုလမ်း ၊ ဖယ်ခုံ-လွိုင်ကော်၊ဆီဆိုင်-လွိုင်ကော်စသော လမ်းမကြီးကို ထိန်းချုပ်နိုင်ရေး သြဂုတ်လဆန်းမှ စ၍ စစ်ကြောင်းများထိုး လာ၍
တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။ တိုက်ပွဲများတွင် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများဖြင့် လက်နက်ခဲယမ်းများစွာကိုလည်းဆက်တိုက်ဆုံးရှုံးနေခြင်းဖြစ်သည်။
