မကွေးတိုင်း၊ မင်းတုန်းမြို့ရှိ စစ်ကောင်စီတပ်၏ (၅)မိုင်စစ်ဆေးရေးဂိတ်ကို မဟာမိတ်ညီနောင်များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းကျောင်းသားလက်ရုံးတပ်တော်(SAF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(သြဂုတ် ၁၅)ညနေ ၄ နာရီခန့်ကစစ်ကောင်စီတပ်၏ (၅)မိုင်စစ်ဆေးရေးဂိတ်အား နယ်မြေခံတပ်ရင်းတစ်ခုဖြစ်သော သရက်ခရိုင်တပ်ရင်း – ၄ (Eagle Force)၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုတွင် အပြန် အလှန်ပစ်ခတ်မှု ၁ နာရီဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့သော်လည်း လက်နက်ချို့ယွင်းမှုကြောင့် သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ကြောင်း အသိပေးသည်။

“အဓိကကတော့ RPG ချို့ယွင်းသွားတာပါ။တိုက်ခိုက်ချိန်မှာ စကစအင်အား ၂၀ နဲ့ ၃၀ ကြားရှိနိုင်ပါတယ်။ သူတို့ဘက်က အင်အားတိုးချထားတာပါ”ဟု ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
စစ်ကောင်စီတပ်မှမှ စက်လက်၊ ၄၀ မမများ နှင့် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း မိမိတို့ မဟာမိတ်ပူးပေါင်းတပ်များမှ အထိအခိုက်မရှိပြန် လည် ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။
မင်းတုန်းမြို့ရှိ စစ်ကောင်စီတပ်၏ (၅)မိုင်စစ်ဆေးရေးဂိတ်ကို သရက်ခရိုင်တပ်ရင်း – ၄ (Eagle Force)၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ ပူးပေါင်းပြီး ပြီးခဲ့သည့်ဇူလိုင် ၃၀ ရက်ကလည်း တိုက်ခိုက်ခဲ့သေးသည်။
