စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ပေါက်ကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားလေးဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ပေါက်ကန်ရွာကို ယမန်နေ့(ဩဂုတ် ၁၃ရက်) ညနေ ၇နာရီခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် တိုက်ခိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။
” ဘာတိုက်ပွဲမှမရှိဘဲ လာပစ်သွားတာပါ။ နှစ်စီးက အပေါ်ကနေ စက်သေနတ်က လှည့်ပတ်ပစ်သွားတာ” ဟု ပေါက်ကန်ရွာ ဒေသခံတစ်ဦးက ပြောသည်။
တံတားဦးလေဆိပ်မှတက်လာသော ဂျက်ဖိုက်တာနှစ်စီးဖြင့် တိုက်ခိုက်သွားခြင်းဖြစ်ပြီး အမျိုးသား သုံးဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဝက်လက်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ဒဏ်ရာရသူလေးဦးစလုံးသည် ယခုအခါ အသက်အန္တရာယ်စိုးရိမ်မရှိတော့ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်သည် ဩဂုတ် ၁၁ရက်နံနက်ကလည်း ဝက်လက်မြို့နယ်၊ တလိုင်းရွာကို လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုများ ရှိခဲ့သည်။
