ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တိုက်ပွဲ တွင် စစ်ကောင်စီတပ် အထိနာပြီးစစ်တပ်ထံမှ လက်နက်ခဲယမ်းများ ထပ်မံသိမ်း ဆည်းရရှိခဲ့ကြောင်းကရင်နီ တော်လှန်ရေးအင်အားစုများကပြောသည်။
သြဂုတ် (၁၂ ရက်)က ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာအနီး၌ စစ်ကောင်စီတပ်စွဲထားသောနေရာကို ကရင်နီပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ပြီး တစ်နာရီခန့်ကြာတိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

“အဲဒါ က အခု ဒီးမော့ဆို-ဖရူဆို လမ်းပိုင်း နဲ့ ဆက်စပ် တဲ့တိုက်ပွဲလို့ ပြောလို့ရတယ်။မနေ့က ညနေ ၆ နာရီလောက်က ဖြစ်တာ။သူတို့တပ်စွဲတဲ့နေရာကို ဝင်တိုက် တာ။လေယာဥ်ပစ်ကူလာလို့ စကစ ဘက်က သေတဲ့သူအသေးစိတ်တော့ မသိရပေမယ့် လက်နက်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေရခဲ့တယ်”ဟု ကရင်နီပူး ပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူက People’s Spring သို့ပြောသည်။
ထို့အပြင်သြဂုတ်လ ၅ ရက်က ဖားဆောင်း နှင့် မယ်စဲ့မြို့ကြားရှိ ကျောက်စုရွာတိုက်ပွဲ တွင် စစ်ကောင်စီတပ်အထိနာခဲ့ပြီးလက်နက်များ၊ခဲယမ်းများ ထောင်နှင့်ချီ သိမ်း ဆည်းနိုင်ခဲ့သည်။
ထို့အတူ သြဂုတ် ၁၀ ရက်က ဒီးမော့ဆို မြို့နယ်တွင်ဖြစ်ပွားသော တိုက်ပွဲတွင်လည်း လက်နက်များနှင့် ကျည်၊ခဲယမ်းများစွာကို ကရင်နီတပ်ပေါင်းစုက ထပ်မံသိမ်းဆည်းရရှိခဲ့ပြန်သည်။
သြဂုတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖြစ်ပွားသောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းနှင့် ခြင်းကြားများ ဖိုးဝီးကား ၂ စီးကျော်စာ သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းစစ်ရေးရင်းမြစ်တစ်ဦးကပြောသည်။

အခြားသတင်းတစ်ရပ်တွင် နေ့စဥ် တိုက်ပွဲဖြစ်ပွားနေသည့် ဒီးမော့ဆို -ဖရူဆို မြို့နယ်ကြား တိုက်ပွဲ၌ တပ်ရင်း ၄ မှ ရဲဘော် ၀င်းမောင်(ခ)ဆီမိုးနယ် သည် ယခုလ ၉ ရက်က ဖရူဆိုမြို့နယ်၊ကဒါးလားတိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်ထားသည်။
“ကဒါးလားကလည်း ထီးပေါ်ဆို ကျေးရွာအုပ်စုထဲမှာပဲ မနေ့က ကရင်နီပူးပေါင်းတပ်တွေ ဝင်တိုက်ခဲ့တဲ့ ထီးသော်ကူးနဲ့လည်း ဆက်နေတာလေ။အဲဒီဘက်တိုက်ပွဲ ကနေ့စဥ်လိုလို ဖြစ်နေတာ။ပြီးတော့ လေယာဥ်ကလည်း ဒီနေ့လည်း ကျဲတာရှိတယ်”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။


စစ်ကောင်စီကမယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီး များဖြစ်သော ဖယ်ခုံ-လွိုင်ကော်၊ဆီဆိုင်-လွိုင်ကော် နှင့် ဒီးမော့ဆို -ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရေး စစ်အင်အားများတိုး၍ တိုက်ခိုက်နေသည်။သို့သော် တိုက်ပွဲအများစုတွင် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြီးလက်နက်ခဲယမ်းများစွာကိုလည်း ကရင်နီပူးပေါင်းတပ်များက ဆက်တိုက်သိမ်းပိုက်ရရှိနေသည်။
