ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနရွာ ကျောက်စိမ်းမှော်မှာ ဒီနေ့ညနေပိုင်း မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၈ဦး ဒဏ်ရာရကာ ၃၀ ကျော်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကစုံစမ်းသိရပါတယ်။
မြေစာပုံဟာ ဒီနေ့ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က ပြိုကျသွားတာပါ။ အဲဒီဖြစ်စဉ်မှာ ဒဏ်ရာရသူ ၈ ဦး ကို ဖားကန့်ဆေးရုံဆီ ပို့ထားတယ်လို့သိရပါတယ်။
ပျောက်ဆုံးနေသူတွေလည်းရှိနေပြီး အခုညပိုင်း ၇ နာရီခွဲအချိန်ထိ ၃၁ ဦးပျောက်ဆုံးစာရင်းရထားတယ်လို့ မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးကပြောပြပါတယ်။
” သေတဲ့သူတွေရှိနိုင်တယ် ၊အလောင်းတော့ မတွေ့သေးဘူး “ဟု အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
ဖားကန့်မှာ မြေစာပုံပြိုကျတဲ့ဖြစ်ရပ်ဟာ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိပြီး အချို့ဖြစ်စဉ်တွေမှာ ဆိုရင် ရာနဲ့ချီပြီး လူ့အသက်ဆုံးရှုံးတာတွေရှိခဲ့ပါတယ်။
